September 19, 2024

၁. ၉. ၂၀၂၄
Written by Tha Doe

ဒီတစ်ပတ်ရဲ့ အနုပညာရပ်ဝန်းမှာ လူသိများတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပေမဲ့လည်း လူအများစိတ်ဝင်စားတဲ့ဖြစ်စဥ်အဖြစ်တော့ ကိုဗစ်နောက်ပိုင်းကာလမှာ တစ်ကျော့ပြန်ခေါင်းထောင်ထလာတဲ့ MLM မှာ နာမည်ရစ သရုပ်ဆောင်တချို့၊ မော်ဒယ်တချို့အပြင် အဆိုတော်တွေ ကြေညာလာမှုတွေ မြင်လာရတာနဲ့ ကလေးသူငယ်တွေ ကျောင်းမတက်ဘဲ CDM လုပ်ဖို့လှုံဆော်ပေမဲ့ ကိုယ့်သားသမီးကြတော့ ဘဝမပျက်ဖို့ ဘွဲ့ရအောင် ကျောင်းဆက်ထားတဲ့ မင်းသမီးတစ်ယောက် လူမှုကွန်ရက်မှာ ဝေဖန်ခံရတဲ့ အကြောင်းတွေကို တွေ့မြင်မိသမျှ သုံးသပ် ပြောပြချင်ပါတယ်။

◾ MLM သရုပ်ဆောင်

အရင် အစိုးရဟောင်းလက်ထက်မှာ ပပျောက်သွားခဲ့တဲ့ Multi Level Marketing တွေဟာ နိုင်ငံရေးမတည်ငြိမ်မှုကို အရင်းပြုပြီး အွန်လိုင်းမှာ တွင်ကျယ်လာတဲ့အပြင် ပိုဆိုးတာက TikTok နဲ့ Facebook လိုနေရာတွေမှာပါ ဆယ်လီတွေ၊ အနုပညာရှင်တွေ၊ အဆိုတော်တွေ၊ မော်ဒယ်တွေ၊ Miss တွေကို အသုံးချပြီး ကြော်ငြာလာတာ တွေ့ရပါတယ်။

FDA အာမခံချက်မရှိ၊ ဆေးဝါးထောက်ခံချက်မရှိဘဲ စျေးကွက်ထဲမှာ အမျိုးသမီးအင်္ဂါကျဥ်းဆေး၊ အသားဖြူဆေး၊ ဝဆေး၊ အလှကုန် စတဲ့ အာမခံချက်မဲ့ ထုတ်ကုန်တွေကို အရင်း ၁၀၀၀ တန်လောက်ဟာ ဆင့်ပွားအမြတ်ယူကြတဲ့ MLM စျေးကွက်ထဲ ၃၀၀၀၀ လောက်ဖြစ်လာပြီး ဒီလိုမျိုး ဆင့်ပွားအမြတ်ထုတ်ကြရာမှာ မသိနားမလည်တဲ့ပြည်သူတွေကပဲ အမြတ်ပေးဝယ်ရ၊ တရားမဝင်ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးခံရဖြစ်နေတာပါ။ FB တစ်ခွင်လုံးဟာ MLM က CEO အမျိုးသမီးတွေရဲ့ Page တွေ၊ Group တွေ၊ အကောင့်တွေနဲ့ တင်းကြမ်းဖြစ်နေသလို အနုပညာရှင်ဆိုသူတွေကလည်း ငွေမျက်နှာတစ်ခုတည်းနဲ့ MLM ကို လက်ခံကြော်ငြာပေးနေတာဟာ တော်တော့်ကို စိတ်ပျက်စရာဖြစ်လာနေတာပါ။

အင်တာနက်ခေတ်မှာ ကမ္ဘာ့နိုင်ငံတွေကနေ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်တွေ အလွယ်တကူ ဝယ်ယူရောင်းချနေတာကို အခွင့်အရေးယူပြီး MLM ထုတ်ကုန်တွေဟာ ပြည်ပနိုင်ငံတွေကပဲ တရားဝင်ခွင့်ပြုချက်ရထားသလိုမျိုး ဟန်ဆောင်ပြီး အနုပညာရှင်တွေနဲ့ ကြော်ငြာတဲ့အခါ FDA ထောက်ခံချက်၊ အာမခံချက် အလွယ်တကူဆန်းစစ်မသိနိုင်တဲ့ သာမန်ပြည်သူတွေက ကိုယ်သဘောကျနှစ်ခြိုက်တဲ့ အနုပညာရှင်က ​ကြော်ငြာပေးပြီဆို ဝယ်ယူသုံးစွဲတတ်ကြပါတယ်။ ရှေ့မှာလည်း အဲဒီလို MLM တွေ ကြော်ငြာပေးတဲ့ အနုပညာရှင်ကို ယုံမိလို့ အမျိုးသမီးပေါင်းများစွာ ရုပ်ဆင်းအင်္ဂါပျက်စီးရတာမျိုးတွေလည်း ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ MLM တွေ တစ်ကျော့ပြန်လှုပ်ခတ်လာပြီး CEO တွေ ဖောင်းပွလာတာကို ဥပဒေကြောင်းအရ မတားမြစ်နိုင်ရင်တောင် အနုပညာရှင်အမည်ခံထားတဲ့ Miss တွေ၊ မော်ဒယ်တွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေကတော့ ငွေမျက်နှာတစ်ခုအတွက်နဲ့ MLM ထုတ်ကုန်လက်မခံဘူးဆိုတာမျိုး အသိတရားရှိရင်ကို မသိနားမလည်တဲ့ပြည်သူတွေ MLM ကို မှားယွင်းသုံးစွဲမိမှုမဖြစ်နိုင်တော့တဲ့အပြင် MLM တွေလည်း ငြိမ်သွားမှာမို့လို့ ငွေမျက်နှာတစ်ခုအတွက်နဲ့ MLM ကြော်ငြာပေးသူ အနုပညာရှင်ဆိုသူတွေ အသိတရားရှိရေး တိုက်တွန်းပေးပါရစေ။

◾ ကလေးသူငယ်တွေ ကျောင်းမတက်ဘဲ CDM လုပ်ဖို့လှုံ့ဆော်ပေမဲ့ ကိုယ့်ရင်သွေးကို ဘွဲ့ရအောင်ထားတဲ့ မင်းသမီး

မြန်မာနိုင်ငံက ကလေးသူငယ်အားလုံးဟာ “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာ့ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေ”တွေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပညာသင်ယူခွင့်ရှိတယ်ဆိုပေမဲ့၊ ကလေးသူငယ်တိုင်းရဲ့ ပညာသင်ကြားခွင့်ကို ဘယ်လိုလူမျိုးကမှ နှောင့်ယှက်ဖျက်ဆီးခွင့်မရှိဘူးဆိုပေမဲ့လည်း ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်မှာတော့ မသိနားမလည်တဲ့ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို တော်လှန်ရေးလုပ်ဆောင်သူတွေက CDM (Civil Disobedience Movement) လုပ်ရမယ်ဆိုပြီး ခြိမ်းခြောက်အကျပ်ကိုင်တာ၊ ကျောင်းတက်ရင်ကို “ဒလန်၊ သူလျှို၊ ဘောမ”ဆိုတဲ့ စကားလုံးတွေနဲ့ စွပ်စွဲတိုက်ခိုက်တာ သတ်ဖြတ်တာ “Social Punishment” လုပ်တာကြောင့် ကလေးသူငယ် သိန်းနဲ့ချီဟာ ပညာသင်ကြားခွင့်ပြတ်တောက်ခဲ့ရပါတယ်။

ဒီအထဲမှာ CDM ကို စတင်လှုံ့ဆော်ကြတဲ့ ဆရာဝန်တွေနဲ့ သရုပ်ဆောင်တချို့ဟာ ကျော်ကြားမှုနဲ့ လူလေးစားမှုကို အခွင့်ကောင်းယူပြီး ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်နဲ့ ဘဝတက်လမ်းကို ဦးဆောင်ရိုက်ချိုးခဲ့ကြသူတွေဖြစ်ပြီး သူတို့ကြောင့် ဆယ်တန်းစာမေးပွဲကို ဆက်မဖြေတော့တဲ့ကျောင်းသားတင် ၇ သိန်းထက်မနည်းရှိတဲ့အပြင် အခြေခံအဆင့်မှာလည်း ကျောင်းသားသန်းနဲ့ချီဟာ ကျောင်းဆက်မတက်ကြတော့ဘဲ လက်ရှိကာလမှာတော့ အနာဂတ်မဲ့နေကြရပြီဖြစ်ပါတယ်။ တချို့ဟာ NUG ရဲ့ အာမခံချက်မရှိတဲ့ ပညာရေးကို ဆက်တက်တယ်ဆိုပေမဲ့ NUG ရဲ့ ပညာရေးဟာ KIA ရဲ့ မိုင်ဂျားယန်တက္ကသိုလ်လိုပါပဲ။ ကချင်နဲ့ KIA အသိုင်းအဝိုင်းကလွဲရင် ဘယ်နေရာကမှ အသိအမှတ်မပြုတဲ့ မိုင်ဂျားယန်ဘွဲ့ထက်ကို နိမ့်ပါးတဲ့ NUG ရဲ့ အထက်တန်းပြီးဆုံးကြောင်းလက်မှတ်ဟာ စက္ကူတစ်ရွက်သာသာပဲဖြစ်ပြီး အဲဒီလက်မှတ်က ဘယ်နိုင်ငံမှ သွားလျှောက်လို့မရတဲ့အပြင် ပြည်တွင်းမှာလည်း NUG ထောက်ခံတဲ့နေရာကွက်ကွက်ကလေးကလွဲရင် ဘယ်နေရာမှသုံးစားမရတဲ့ ထန်းတက်လက်မှတ်ပါ။

ဒီတစ်လောမှာဆိုရင် ကလေးသူငယ်သန်းနဲ့ချီ ဘဝပျက်အောင် CDM လုပ်ဖို့ ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ မင်းသမီးတစ်ယောက်ရဲ့ သမီးဟာ တစ်နှစ်ကို ဒေါ်လာ သောင်းနဲ့သိန်းနဲ့ချီပေးသွင်းကုန်ကျရတဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုက ဘွဲ့ရတဲ့အကြောင်း အဲဒီမင်းသမီးကိုယ်တိုင် ပို့စ်တင်လာပါတယ်။

အံ့ဩစရာကောင်းတာက အဲ့ဒီမင်းသမီးဟာ သူများမိသားစုရဲ့ ရင်သွေးတွေသန်းနဲ့ချီအနာဂတ်ကို CDM နဲ့ နင်းချေခဲ့ပေမဲ့ သူ့ရင်သွေးကိုကြတော့ ဘယ်နိုင်ငံကမှအသိအမှတ်မပြုတဲ့ NUG တို့ မိုင်ဂျားယန်တို့မှာ ထားတာမဟုတ်ဘဲ ဘယ်နိုင်ငံသွားသွား မျက်နှာပွင့်တဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ဒေါ်လာသိန်းချီပြီး ဘွဲ့ရအောင် NUG ရဲ့ ဝန်ကြီးသားသမီးတွေ အခွင့်ထူးခံစားရသလိုမျိုးကို ထားခဲ့တာပါ။

ဒါကြောင့်လည်း သူတစ်ပါးသားသမီးသန်းနဲ့ချီကို ဘဝပျက်အောင် CDM လှုံ့ဆော်ပြီး ကိုယ့်သမီးကြတော့ ဘွဲ့ရအောင် ဒေါ်လာသိန်းနဲ့ချီ အကုန်ခံ ဆက်ထားပေးတဲ့ အဲဒီမင်းသမီးရဲ့ သူ့သမီးဘွဲ့ရကြောင်း ပို့စ်အောက်မှာ လူရာထောင်ချီက ရှုတ်ချခဲ့သလို အဲဒီမင်းသမီးနဲ့ အပေါင်းအပါတွေရဲ့ CDM ကို ယုံမိတာကြောင့် ရင်သွေးငယ်ဘဝပျက်ခဲ့ရတဲ့ မိဘတွေကလည်း ဆဲဆိုရှုတ်ချခဲ့တာ တွေ့ရပါတယ်။

အဲဒီမင်းသမီးကိုယ်တိုင်ကလည်း ကိုယ့်ရင်သွေးကြတော့ ကျောင်းအကောင်းစားကြီးမှာ ဒေါ်လာသိန်းချီအကုန်ခံ ဘွဲ့ရအောင်ထားပြီး သူတစ်ပါးသားသမီးကြတော့ CDM နဲ့ ဘဝပျက်အောင်လုပ်ခဲ့လို့ ဆဲဆိုရှုတ်ချတဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံးမှာ အကောင့်ကို Locked ချသွားခဲ့တာမြင်ရပြီး ကိုယ့်ရဲ့သိမ်ဖျင်းယုတ်ညံ့တဲ့စိတ်က ကိုယ့်ကိုယ်ကိုယ် လူပုံအလယ်မျက်နှာမပြရဲအောင်ဖြစ်စေခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။

◾ ဒီတစ်ပတ်မှာ လှုပ်ခတ်ခဲ့တဲ့ အနုပညာရပ်ဝန်းတွေထဲ လူသိအများဆုံး၊ အာရုံအစိုက်ခံရဆုံးနဲ့ အပြန်အလှန်အငြင်းပွားမှုအများဆုံးဖြစ်စဥ်တွေကတော့ ဒီလောက်နဲ့ပဲရပ်တန့်ချင်ပြီး နောက်တစ်ပတ်မှာလည်း ဘယ်လိုအနုပညာရှင်တွေရဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ နောက်ကွယ်ကအကြောင်းအရာတွေက လူထုကြားမှာ ဘယ်လိုလှုပ်ခတ်ခဲ့သလဲဆိုတာကို ထပ်မံတင်ပြပေးပါဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *