September 19, 2024

သတ်မှတ်ထားသည့် လမ်းနယ်များနှင့် မလွတ်ကင်းသည့်နေရာများမှ မြေများအား ဂရန်သက်တမ်းတိုးခြင်းများ ကန့်သတ်ရန်လိုကြောင်းပါ ပြောကြား

၁. ၉. ၂၀၂၄
Written by Nyein Kyaw

လက်ရှိအချိန်တွင် ပြည်တွင်း၌ ကုန်ဈေးနှုန်းများ ထိုက်သင့်သည့် ဈေးနှုန်းထက် များပြားနေသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ပြောကြားခဲ့သည်။

စားဝတ်နေရေးတွင် စားရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက် များပြားနေသည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေများရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာခြင်းကြောင့် နိုင်ငံခြားငွေများ လိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုများနှင့် ပတ်သက်ပြီး မိမိတို့နေဖြင့် မူဝါဒများချက်မှတ်၍ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခင်အစိုးရများအဆက်ဆက်က ပြည်ပမှချေးယူခဲ့သည့် ပြည်ပချေးငွေများကိုလည်း မိမိတို့အနေဖြင့် ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ နိုင်ငံခြားဝင်ငွေများ ရရှိရေးအတွက် ပြည်ပရောင်းတန်းဝင်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အဆိုပါ ထုတ်ကုန်များအကို ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း‌ဆောင်ရွက်သူများအနေဖြင့်လည်း စီးပွား‌ရေးတိုးတက်လာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် အဆိုပါဆွေးနွေးပွဲတွင် လမ်းမကြီးများနှင့် ပတ်သက်၍ လမ်းမကြီးများဥပဒေနှင့်အညီ လမ်းဧရိယာ၊ လမ်းနယ်များ သတ်မှတ်ပေးထားပြီးဖြစ်၍ လမ်းမကြီးများဥပဒေနှင့် သတ်မှတ်ထားသည့် လမ်းနယ်များနှင့် မလွတ်ကင်းသည့်နေရာများမှ မြေများအား ဂရန်သက်တမ်းတိုးခြင်းများကို ကန့်သတ်ရန်လိုကြောင်း  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

ဒေသအလိုက် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်ညီညွတ်စေရေး ဆောင်ရွက်ရာတွင် လမ်းဘေး ဝဲယာ၌ ရေနုတ်မြောင်းများကို စနစ်တကျထည့်သွင်း၍ ရေထုတ်စနစ်များ ဆောင်ရွက်ရန်လိုကြောင်း၊ ရေထုတ်စနစ်များ ကောင်းမွန်မှသာ ရေကြီးရေလျှံခြင်းများကို လျော့ပါးစေမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် လယ်ယာမြေများကို အခြားနည်းဖြင့်သုံးစွဲရန်အတွက် တိုင်းဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်၍ရသော်လည်း လယ်မြေများကို အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲမှုများကို နိုင်ငံတော်အစိုးရထံ ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ လယ်မြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းများကြောင့် စိုက်ပျိုးမြေများ လျော့နည်းလာပြီး စိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်စေနိုင်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေယာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေများကိုအကျိုးရှိစွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဥပဒေများကို ပြန်လည်သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *