October 23, 2024

Photo- Reuters

MT News

Written By Myo Khine

ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို ရဟတ်ယာဉ်အဂတိမှုများအတွက် ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်အချုပ်ထောင်သီးသန့်တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ပေး၍ ဒီဇင်ဘာ ၃၀ ရက်တွင် အပြီးသတ်အမိန့်ချရန် တရားရုံးက သတ်မှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။

ရဟတ်ယာဉ်အမှုများအားလုံးနှင့် ပတ်သက်၍ နေပြည်တော် အချုပ်ထောင်အထူးတရားရုံး၌ စစ်ဆေးနေခြင်းကို ရုံးပိတ်ရက်များတွင် ရက်ချိန်းအပြောင်းအလဲ ပြုလုပ်သည်မှအပ အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် ပုံမှန်စစ်ဆေးခဲ့ပြီးနောက် အထက်ပါအတိုင်း အပြီးသတ်လျှောက်လဲချက်ကို ပေးခဲ့ခြင်းလည်း ဖြစ်သည်။

“ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးတယ်။ ဥပဒေကြောင်းအရ လျှောက်လဲတာလောက်ပဲ ပြောလို့ရပါတယ်။ ဒီလ ၃၀ ရက်နေ့ကို ရုံးချိန်း ထပ်ချိန်းပါတယ်။ အဲဒီနေ့မှာ အပြီးသတ် အမိန့်ချမှာပါ။ အမှုတစ်ခုစီအတွက် သီးသန့်ကျခံရနိုင်မလား။ ဒါမှမဟုတ် အားလုံးကို တစ်ပေါင်းတည်းလားဆိုတာတော့ ကြိုပြောဖို့ ခက်ပါတယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။

ယင်းအမှုများအတွက် သက်သေများအဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဦးကျော်မျိုး ၊ AMAS ကုမ္ပဏီ၏ ဒါရိုက်တာ ဦးရဲမြင့်၊ ယခင်အစိုးရလက်ထက်က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်းဦးမင်းသူတို့ အပါအဝင် သက်သေ ၆ ဦးအား စစ်ဆေးခဲ့ကြခြင်းလည်း ဖြစ်သည်။

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရဟတ်ယာဉ်နှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်း၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် နစက က ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများထဲမှ အပြီးသတ်အမိန့်ချမှတ်ထားသော အမှုများအတွက် ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ဦးဝင်းမြင့်အနေဖြင့် လက်ရှိအချိန်ထိ ချမှတ်ခံထားရသော ထောင်ဒဏ် ၇ နှစ်ထက်မနည်း ရှိကြောင်းလည်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *