September 19, 2024

မလည်ပတ်နိုင်သည့် စီမံကိန်း ၈ ခုနှင့် အခြားရပ်ဆိုင်းထားရသည့် စီမံကိန်းများပေါင်းပါက လျှပ်စစ်ဓာတ်အားမထုတ်လုပ်နိုင်မှုမှာ မဂ္ဂဂါဝပ် ၁၆၀၀ ကျော် ရှိနေ

၁.၉.၂၀၂၄
Written By Zun

PDF အပါအဝင် အကြမ်းဖက်အဖွဲ့များက ဖျက်ဆီးခဲ့သောကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်မှုမရှိသော ရေအား လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း ၈ ခုထိ ရှိနေပြီး မဂ္ဂါဝပ် ၉၀၀ ကျော် မဟာဓာတ်အားလိုင်းအတွင်း မရောက်နိုင် ဖြစ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အကြီးတန်းအရာရှိကြီးက MT News ၏သီးသန့်မေးမြန်းမှုအပေါ် ရှင်းပြခဲ့သည်။

ယင်းလုပ်ငန်း ၈ ခုမှာ ၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော ရွှေလီစက်ရုံ၊ ၂၄၈ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ဘီလူးချောင်း ၊ ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ရွှေကျင်၊ ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သဖန်းဆိပ် ၊ ၄ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ရာဇဂြိုလ်၊ ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော မြစ်သား၊ ၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သော ဆည်တော်ကြီး၊ ၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သောမြင်းခြံ V Power တို့ ဖြစ်ကြောင်း သိရသည်။

“အားလုံးစုစုပေါင်း ၉၁၂ မဂ္ဂါဝပ် ရှိတယ်။ အများဆုံးထုတ်နိုင်တာက တစ်နိုင်ငံလုံးမှ၂၆၀၀ မဂ္ဂါဝပ် လောက်ပဲ ထုတ်နိုင်တာပါ။ အဲဒီတော့ ၉၀၀ ကျော် နဲ့ပေါင်း လိုက်ရင် ၃၅၀၀ လောက်ရှိမှာပေါ့။ ၃၅၀၀ ဆို တစ်နိုင်ငံလုံးပေးလို့ရတယ်လေ”ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က နိုင်ငံတော်ဓာတ်အားစနစ်အတွင်းထည့်သွင်းနေသော 230KV မန်စံ-ရွှေစာရံလိုင်း အမြဲတမ်းအပြစ်(Premanent.fault)ဖြစ်ပွားခဲ့ကာ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု(System Breakdown) ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်း ထုတ်ပြန်ခဲ့သည်။

“ရွှေလီက အဓိကကျတယ်။ ရွှေလီစက်ရုံကလာတာ မံစန်၊ မံစန်ကနေ ရွှေစာရံကို ဝင်တဲ့ ၂၃၀ လိုင်းကကျောက်မဲနားမှာဒုက္ခရောက်နေတယ်။ ဝင်လို့မရဘူးလေ။ ပွိုင့်အရဝင်လို့မရဘူး။ အာမမခံနိုင်တော့ ဌာနကမပြင်ရဘူး။ အဲဒီမှာ မဂ္ဂါဝပ် ၄၀၀ ဆိုတာ နည်းတာမှမဟုတ်တာ။ အဲဒါဇွန်လ ၂၆ ရက်နေ့မှာစဖြစ်သွားတဲ့ကိစ္စ။ ဇွန်လ ၂၅ ရက်မှာ ကျောက်မဲတို့၊ နောင်ချိုတို့နားရှမ်းမြောက်ရဲ့အရေးအခင်းတွေနဲ့ပတ်သက်ပြီးတော့မှ အဲလိုဖြစ်သွားတာ”ဟု အဆိုပါ အကြီးတန်းအရာရှိကြီးက ဆိုသည်။

PDF အပါအဝင် အကြမ်းဖက်အဖွဲ့များက ဖျက်ဆီးခဲ့၍ လျှပ်စစ်ဓာတ်အားမထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံများထဲတွင် ဘီလူးချောင်းရေအားလျှပ်စစ်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်ကာ ရေထုတ်လွှတ်နိုင်မှုများ ကမောက်ကမ ဖြစ်နေကြောင်းလည်း သိရသည်။

“ဘီလူးချောင်းက ကြာပြီပေါ့။ ဘီလူးချောင်း ၁၊၂၊၃ က ၂၄၈ မဂ္ဂါဝပ်ရှိတယ်။ အဲ့မှာလိုင်းသုံးလိုင်းလုံးက ဖျက်ဆီးခံရတော့ ၂၄၈ မဂ္ဂါဝပ်က ထုတ်မရဘူး။ စက်ရုံတွေကငုပ်တုတ်ကြီး။ အခုတော့မမောင်းရတော့ ရေတွေလည်း ကမောက်ကမဖြစ်တယ်။ နောက်တစ်ခါရွှေကျင်။ ရွှေကျင်ဆို ၇၅။ ရွှေကျင်ဆိုရင်လည်း ညောင်လေးပင်၊ မဒေါက်၊ ရွှေကျင်ဆိုတာ ဘာမှသိပ်ဝေးတာမဟုတ်ဘူး။ အဲ့ဒီက သူ့လာတဲ့လိုင်းကိုမဆင်းနိုင်ဘူးလေ။ ဖျက်ဆီးထားတယ်။ ရွှေကျင်နဲ့ညောင်လေးပင်ကြားက ကျောက်တံခါးနားက သာယာကုန်းပေါ့။ ရွှေကျင်ကနေ မဟာဓာတ်အားလိုင်းကို သာယာ ကုန်းခွဲရုံကဝင်တာ။ အဲ့လိုင်းကိုဒုက္ခရောက်တာ။ အဲ့အတိုလေးမှာလည်း အခု ပြင်တော့ပြင်တယ်။ ပြင်လို့ရသလောက်ပြင်တယ်။ ဒါပေမဲ့ စိတ်မချရဘူး။ တစ်နေရာကပြင်ပြီးကောင်းရင် နောက်တစ်နေရာကထပ်ပြီးတော့လုပ်နိုင်တာပေါ့နော်။ နောက်တစ်ခါ သဖန်းဆိပ်ဆိုတာစစ်ကိုင်းတိုင်းထဲမှာ၊ ရာဇဂြိုလ်တို့ ဘာတို့ သဖန်းဆိပ်တို့ မြစ်သာတို့ ဆည်တော်ကြီးတို့ မန္တလေးတိုင်းအထက်မှာ မတ္တရာနဲ့စဉ့်ကူးကြားထဲမှာ။ မြင်းခြံ V-Power က ဘာလို့ လွှတ်ပစ်လိုက်လဲဆိုရင်နိုင်ငံခြားသားတွေ နိုင်ငံခြားပြန်သွားလို့ပြောတယ်”ဟု ယင်းက ဆိုသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုမရှိသည့် မဂ္ဂါဝပ်စုစုပေါင်းမှာ LNG ဖြင့် လည်ပတ်ရသည့် ရန်ကုန်တိုင်းဒေသကြီး သီလဝါရှိ ၄၀၀ မဂ္ဂါဝပ်စက်ရုံနှင့် သာကေတရှိ ၃၀၀ မဂ္ဂါဝပ်ရှိ စက်ရုံတို့အပါအဝင် အဆိုပါ ရေအားလျှပ်စစ်စက်ရုံ ၈ ခုမှ ၉၁၂ မဂ္ဂါဝပ် နှင့်ဆိုပါက ၁၆၀၀ ကျော် ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ စာရင်းများကို မှီငြမ်း၍ ၎င်းက ရှင်းပြပေးသည်။

“၁၆၀၀ ကျော်လောက်က မမောင်းနိုင်ဘူး။ ကျွန်တော်တို့ဓာတ်အားမလောက်ငတာက ပြောဖွယ်ရာတောင်မရှိ ပါဘူး။ ဓာတ်အားမလောက်တဲ့ကိစ္စကိုအငြင်းပွားလို့မရဘူး။ အဲ့ဒါတွေမှမမောင်းနိုင်ဘဲ ဘယ်လိုလုပ်လောက်မှာလဲ။ လက်ရှိရန်ကုန်က စက်မှုဇုန်တွေရော ဘာရောအကုန်စုပြုံသုံးရင် ဟိုးနောက်ဆုံး ၂၀၁၉ ကိုဗစ်မတိုင်ခင်ကဆို ဘယ်လောက်လောက်သုံးလဲဆိုရင် ၁၆၀၀ အထိလောက်သုံးတယ်။ ဒီဘက်နောက်ပိုင်းကတော့ ကိုဗစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနဲ့ ဘာနဲ့ညာနဲ့ဆိုတော့ အဲ့လောက်ကိုမရောက်လာဘူး။ မရောက်လာဘဲနဲ့ ၁၃၅၀ အများဆုံးလောက်ပဲသုံးတယ်။ လက်ရှိအမြင့်ဆုံးက ၁၃၅၀ နဲ့ အမြင့်ဆုံးက ၁၀၀၀ တစ်ပတ်လောက်ပေါ့ဗျာ။ အခြေအနေပေါ်မှာမူတည်ပြီး မတူဘူးပေါ့။ ၁၀၀၀ နဲ့ ၁၃၀၀ ကြားပေးနေတာပါ။အတိအကျပြောလို့မရဘူး။ ၁၀၀၀ နဲ့ ၁၃၀၀ ကြားကိုရန်ကုန်ကသုံးထားတာ။ အခုနကလို ၂၆၀၀ ရဲ့တစ်ဝက်လောက်ကို သုံးထားတာပါ။ အဲဒီတော့ အခု ဘယ်လိုပေးနိုင်လဲဆိုတော့ အနောက်ပိုင်းကို တစ်နေ့နှစ်ကြိမ်ဖြတ်တယ်၊ အရှေ့ပိုင်းကိုသုံးကြိမ်ဖြတ်တယ်။တောင်နဲ့မြောက်နဲ့ကို လေးကြိမ်ဖြတ်တယ်။ လေးကြိမ်ဆိုတာလေးနာရီခြားပေါ့။ ဥပမာ-အနောက်ပိုင်းက လေးနာရီနှစ်ကြိမ် ဖြတ်တာကို တစ်အုပ်စုကိုတစ်ကြိမ်ဖြတ်တယ်ဆိုတော့၊ အနောက်ပိုင်းက တစ်အုပ်စုကို ၂၄ နာရီမှ လေးနာရီပဲ ပျက်တာ။ အရှေ့ပိုင်းကျတော့ ၂၄ နာရီမှ လေးနာရီပျက်တဲ့သူရှိတယ်။ ၈ နာရီပျက်တဲ့သူရှိတယ်။ တစ်ရက်၊ တစ်ရက်တစ်နေ့ကြတောင်ပိုင်းနဲ့မြောက်ပိုင်းကြတော့ တစ်နေ့ကို ၈ နာရီအုပ်စုက ၈ နာရီလောက်ပဲပျက်တယ်။ ကျန်တဲ့အချိန်ရတယ်။ ရွာတွေကျတော့နေ့ဘက်မပေးနိုင်ဘူး။ ညဘက်ပေးတယ်”ဟု ယင်း အကြီးတန်း အရာရှိကြီးက MT News ကို ရှင်းပြသည်။

စက်မှုဇုန်များနှင့်ပတ်သက်၍ လက်ရှိတွင် မြောင်းတကာစက်မှုဇုန်ကို ညဘက် လျှပ်စစ်ဓာတ်အားပို့လွှတ်ကာ အခြားစက်မှုဇုန်များကို နေ့ဘက် ပေးကြောင်းလည်း ယင်းက ဆိုသည်။

“မြောင်းတကာကို နေ့ဘက်မပေးဘူး။ ည ၁၁ နာရီလောက်ကနေ ဘယ်လောက်အထိအလုပ်လုပ်လဲဆိုရင် မနက် ၅ နာရီအထိ အလုပ်လုပ်တယ်။ အနည်းဆုံးပေးရတယ်။ အခြား စက်မှုဇုန်တွေ ဥပမာ-ရွှေလင်ဗန်းတို့ လှိုင်သာယာတို့ ဘာတို့ ညာတို့ အခြားစက်မှုဇုန်တွေကိုနေ့ခင်းကြတော် မနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီအ ထိ အပြည့်ပေးတယ်။ ညဘက်မပေးဘူး။ ညဘက်ပေးနိုင်လို့ရှိရင် ၁၁ နာရီနဲ့ မနက် ၅ နာရီအပြီးပေးတယ်။ သူက အဲ့ဒီအတိုင်းပဲသွားနေတယ်။ အဲ့ထက်ပိုပြီးကျွန်တော်တို့မပေးနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *