September 19, 2024

ဒေသခံများ AA မရှိရာအရပ်ဒေများသို့ စစ်ရှောင်ကြပြီ

၁.၉.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် AA အကြမ်းဖက်အဖွဲ့အဓိက အခြေစိုက်သည့်နေရာများသို့ တပ်မတော်က နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၃၁ ရက် ည ၇ နာရီခန့်အချိန်က ရခိုင်ပြည်နယ်တောင်ပိုင်းရှိ စီးရေးအချက်အခြာအကျဆုံး တောင်ကုတ်မြို့နယ်အတွင်း AA အကြမ်းဖက်အဓိကအခြေစိုက်နေရာ ၄ ခု ခန့်ကို စတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ MT News အနေဖြင့် စုံစမ်းသိရှိရသည်။

နယ်မြေရှင်းလင်းမှုပြုလုပ်ခဲ့သောနေရာမှာ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာကြီးရှိ‌ နေရာလေးခု
ဖြစ်ကြောင်း၊ ခရိုင်ရွာမှာ သံတွဲ၊ တောင်ကုတ်မြို့များသို့ ရေလမ်းကဖြစ်စေ၊ ကုန်းလမ်းကဖြစ်စေ သွားလာရလွယ်ကူသော ကျေးရွာဖြစ်ကြောင်း၊ အဆိုပါအခြေအနေကို AA အကြမ်းဖက်က အခွင့်ကောင်းယူကာ ၎င်းတို့၏ စစ်ရေးအတွက် လိုအပ်သောလူအင်အား၊ လက်နက်အင်အားများကို သိုလှောင်ထိန်းသိမ်းအခြေချနေသော ကျေးရွာလည်းဖြစ်ကြောင်း၊ AA ၏ ဆေးကုသဌာနနှင့် စစ်စခန်းအဖြစ်အသုံးပြုနေသာ တောင်ကုတ်-သံတွဲကားလမ်းမပေါ်ရှိ သံတွဲမြို့ ပုရစ်၊ ရေကောက် ကျေးရွာတို့နှင့်လည်းအလှမ်းမဝေးသည့် ကျေးရွာဖြစ်ကြောင်း MT News ၏ စုံစမ်းမှုအရ သိရသည်

“မနေ့က ညနေ ၆ နာရီခွဲကျော် ၇ နာရီလောက်မှာ ဗုံးချတာ။ ချတဲ့နေရာတွေကတော့ ကံဆိပ်ရယ်၊ လက်ပံကျောင်းရယ်၊ နောက်ပြီး စာသင်ကျောင်းအနောက်ဘက်ရယ်၊ နောက်ပြီးတော့ မြစ်နားတန်းလို့ခေါ်တဲ့ရွာတန်းရှည်တစ်ဝိုက်ရယ်၊ နေရာ၄ ခု ကို ဗုံးချတယ်။အဲဒီအတွက် AA ဘက်က တစ်ယောက သေတယ်။ကျွန်တော်သိသလောက်ပြောရရင် AA က ဘုန်းကြီး ကျောင်းတွေကို တံတိုင်းလုပ်တာမျိုးရှိပါတယ်။ ဘာကြောင့် အဲဒီလိုပြောရသလဲဆိုရင် ဗုဒ္ဓဘာသာအနေနဲ့ ဘုန်းကြီးကျောင်းမှာ လက်နက်တွေထားတာ။ ပြီးတော့ သူတို့ AA စစ်စခန်းလိုလုပ်တာ မသင့်တော်ဘူးလေ။အခုက အဲဒီနေရာတွေကို အတိအကျသတင်းရလို့ တပ်ဖက်က ရှင်းလင်းတာလို့ မြင်ပါတယ်”ဟု အဆိုပါ ကျေးရွာသားတစ်ဦးက MT News ကို စက်တင်ဘာလ ၁ ရက်က ပြောသည်။

AA အကြမ်းဖက်အဖွဲ့အနေဖြင့် ခရိုင်ရွာစာသင် ကျောင်းတွင် အခြေစိုက်နေထိုင်ခြင်း၊ ဘုန်းတော်ကြိးကျောင်းများတွင် လက်နက်များသိုလှောင်ခြင်း၊ ဆိပ်ကမ်းနှင့်အနီးတစ်ဝိုက်တွင် အခြေစိုက်စခန်းများ ချထားခြင်းတို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ဒေသခံတွေကတော့ AA ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဘာမှမပြောရဲဘူး။ သူတို့အဲဒီလိုနေတော့ တပ်ဖက်က လာချတော့မယ်လို့ ကျွန်တော်တို့ အမြဲ ပြောလေ့ရှိတယ်။ အခုတော့တကယ်ဖြစ်ပြီ။ ဒေသခံတွေအနေနဲ့ ဒီနေ့(စက်တင်ဘာလ ၁ ရက်)ကစပြီးတော့ AA မရှိတဲ့ ရွာတွေကို ပြောင်းရွှေ့ကြပါပြီ။ အိမ်မှာ ကျွဲနွားရှိတဲ့ တချို့ကတော့ သွားလို့မရတာကြောင့် မပြောင်းကြဘူး။ ဒါပေမဲ့ ၃ ပုံ ၂ ပုံလောက်ကတော့ ပြောင်းကြပြီ”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

AA အကြမ်းဖက်အဖွဲ့အနေဖြင့် တောင်ကုတ်မြို့ကိုဝိုင်းရံပိတ်ဆို့ထားသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်းလည်း ဒေသခံမျးက ဆိုသည်။လက်ရှိတွင် AA အကြမ်းဖက်အဖွဲ့အနေဖြင့် တောင်ကုတ်မြို့နှင့်အနီးဆုံး ဖုံညို ကျေးရွာတွင် အင်အားအမြောက်အများဖြင့် အခြေစိုက်စခန်းပြုလုပ်ထားကြောင်းလည်း MT News ၏ သတင်းရင်းမြစ်က ပြောပြသည်။

ပုံစာ။ ရခိုင်လက်နက်ကိုင် AA လက်ရှိအခြေစိုက်နေရာ ဖုံညိုရွာနှင့် နယ်မြေရှင်းလင်းခံရသည့် ခရိုင်ရွာ ပတ်ဝန်းကျင် Google Map မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *