September 19, 2024

၁. ၉. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှာ ရဲတပ်ဖွဲ့ဝင်သုံးဦး မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို PDF ၇ ဖွဲ့ပေါင်း တိုက်ခိုက်ခံရပြီး ကားပေါ်ပါ ရဲတပ်ဖွဲ့ဝင်သုံးဦးလုံး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တိုက်ခိုက်တဲ့ PDF အဖွဲ့တွေက ဝန်ခံချက်ထုတ်ပြန်ထားပါတယ်။

ဖြစ်စဥ်က ယမန်နေ့ သြဂုတ် ၃၁ ရက်က ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်ကို ရဲတပ်ဖွဲ့ဝင်တွေ သွားလာမယ် သတင်းပေးမှုအရ မြင်းခြံခရိုင်အထူးစစ်ဆင်​ရေးအဖြစ် PDF တွေ ရှောင်တခင်စစ်ဆေးရာမှာ ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဝိုင်းကုန်းရွာအနီးမှာ ရဲတပ်ဖွဲ့ဝင်သုံးဦးလိုက်ပါလာတဲ့ Mark X ကားက အစစ်ဆေးမခံဘဲ မောင်းနှင် ထွက်ပြေးခဲ့တာကြောင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာပါ။

ဒီလို လိုက်လံပစ်ခတ်တာကြောင့် ယာဥ်တိမ်းမှောက်သွားသလို ကားပေါ်ပါ ဒုရဲမှုး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနဲ့ တပ်ကြပ်မြတ်သူတို့ သေဆုံးခဲ့တယ်လို့ အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြထားပါတယ်။

ဒါ့အပြင် BA72 တစ်လက်၊ BA94 တစ်လက်၊ BA93 တစ်လက်၊ ခြောက်လုံးပြူး နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံး ဖုန်းသုံးလုံး၊ ကျည်ဆန်၊ ငွေသားအချို့အပါအဝင် သက်ဆိုင်ရာရဲဝန်ထမ်းကတ်တွေ သိမ်းဆည်းခဲ့တယ်လို့လည်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသတ်ဖြတ်မှုကို အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကျောက်ပန်းတောင်း ၊ ညောင်ဦးခရိုင် တပ်ရင်း -၁၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၂)တပ်ရင်း၊ တောင်သာမြို့နယ်ပကဖ၊ LACR (မြင်းခြံ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ Telegram သတင်းဌာနတွေမှာလည်း သေဆုံးတဲ့ရဲတပ်ဖွဲ့ဝင်သုံးဦးဟာ ကျောင်းပန်း​တောင်းမြို့မရဲစခန်းက စခန်းမှူးဒုရဲမှူးအောင်ကျော်ထွန်း၊ အလုပ်သင်ဒုရဲအုပ်ရန်ရှင်းနဲ့ ရဲတပ်ကြပ်မြတ်သူတို့ကို ဩဂုတ် ၃၁ ရက် နေ့လယ် ၃ နာရီခန့်မှာ ကျောက်ပန်းတောင်း၊ လက်ပံပျားရွာအုပ်စု၊ ညောင်ဝိုင်းရွာအနီးမှာ PDF တွေက သတ်ဖြတ်ပြီး ကားပါမီးရှို့သွားတယ်လို့ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *