September 19, 2024

◾️ သန်းခေါင်စာရင်းကောက်သူများ အိမ်တိုင်ရာရောက် မေးမြန်းမှုများအပေါ် သံသယနှင့် စိုးရိမ်စိတ်များ ကင်းစွာဖြင့် အချက်အလက်များကို အမှန်အတိုင်း ဖြေကြားပေးရန်ပါ အသိပေး

၁. ၉. ၂၀၂၄
Written by Nyein Kyaw

လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက် ယူမည့် သန်းခေါင်စာရင်းအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ကောက်ယူမည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် ၁၀ နှစ် တစ်ကြိမ်ကောက်ယူရသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ နိုင်ငံတဝှမ်းလုံးတွင် ကောက်ယူတော့မည်ဖြစ်ပြီး ယနေ့မှစတင်၍ ရေတွက်ကြည့်မည်ဆိုပါက သန်းခေါင်စာရင်း ကောက်ယူရန်လုပ်ငန်း ရက်ပေါင်း ၃၀ သာလိုတော့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်နိုင်ရန်အတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ အမှန်တကယ်ရရှိရန်လိုအပ်ခြင်းကြောင့် သန်းခေါင်းစာရင်းကို ကောက်ယူရန် ဆုံဖြတ်ရခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
 
“လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကောက်ယူဖို့ စီမံခန့်ခွဲလျက်ရှိပါတယ်။ ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွန်ခဲ့တဲ့နှစ်တွေကစပြီး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လာတာ လက်ရှိအခြေအနေမှာ မြေပြင်ကွင်းဆင်း စာရင်းကောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

သန်းခေါင်စာရင်းမှရရှိမည့် ကိန်းဂဏန်းများသည် လက်ရှိအစိုးရလက်ထက်သာမက နောင်တက်လာမည့် အစိုးရအဆက်ဆက်ထိလည်း လက်ဆင့်ကမ်းအမွေပေးအပ်မည့် နိုင်ငံဖွံ့ဖြိုးရေးတက်ရေးဆိုင်ရာ အချက်အလက်များဖြစ်ကြောင်း၊ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိသားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး ၁၀ နှစ်စာ စီမံဆောင်ရွက်နိုင်သည့် အခြေခံအချက်အလက်များ ရရှိစေနိုင်သည့် အကျိုးရှိသည့် လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ခြင်းကြောင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးတွင် မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် ထပ်လောင်း အသိပေးလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“အိမ်ထောင်စုအဖွဲ့အစည်းတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာရောက် မေးမြန်းမယ့် မေးခွန်းတိုင်းပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များ ကင်းစွာနဲ့ နောင်အနာဂတ် မျိုးဆက်သစ်တွေအကျိုးအတွက် အမှန်ကိုအမှန်အတိုင်း အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့လိုအပ်ပါတယ်။ သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားတဲ့ ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကလည်း ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှုအကာအကွယ်ပေးထားပြီးဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းအား မှတ်ပုံတင်စာရင်းအင်းအချက်အလက်များ ပြည့်စုံနေသည့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင်  ပုံမှန်ကောက်ယူနေခြင်းကို တွေ့ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း  ၂၀၁၄ ခုနှစ်၊ သန်းခေါင်းစာရင်းမှစတင်ပြီး ၂၀၂၄ ခုနှစ် သန်းခေါင်းစာရင်းကို နောက်တစ်ကြိမ်ကောက်ယူရန် အချိန်ကျရောက်ခဲ့ခြင်းဖြစ်သည်။

“ဒီလုပ်ငန်းစဉ်ကြီးကို တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရနိုင်ဘဲ နိုင်ငံတစ်ဝှမ်း နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားညီအစ်ကိုအားလုံးရဲ့ ညီညွတ်သောအင်အားနဲ့ အောင်မြင်အောင် ဆောင်ရွက်ပြီး ကမ္ဘာ့အလယ်မှာ နိုင်ငံ့စွမ်းအားကို ပြသရမှာလည်းဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုကောက်ခံသည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရလဒ်များကြေညာပြီးသည်နှင့် ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဟု SAC ဥက္ကဋ္ဌက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *