September 19, 2024

၃၁. ၈. ၂၀၂၄
Written by Nyein Kyaw

တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် အဆင့်မြှင့်တင် တည်ဆောက်ပေးခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း တပ်ဆင်ပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောာင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားခဲ့သည်။

တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် တပ်မတော်(ကြည်း) တစ်ခုတည်းသာမက တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့၏ အင်အားနှင့် စွမ်းပကားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် အဆင့်မြှင့်တင် တည်ဆောက်ပေးခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း တပ်ဆင်ပေးထားကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အာဆီယံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မိမိတို့နိုင်ငံအနေဖြင့် ဂျက်တိုက်လေယာဉ်များကို စတင်အသုံးပြုနိုင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ လေယာဉ်၊ရဟတ်ယာဉ်များသာမက လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူအရာရှိ၊ စစ်သည်များကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်လျက်ရှိပြီး အမျိုးသမီးအရာရှိများအနေဖြင့် အမျိုးသားအရာရှိများနည်းတူ ပျံသန်းရေးတာဝန်များတွင် ထမ်းဆောင်နေပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်(လေ)အနေဖြင့် မြေပြင်တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေးနှင့် အရေးကြီးစစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူပေးတာဝန်များကို ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး မြေပြင်တပ်ဖွဲ့ဝင်များအတွက် များစွာအထောက်အကူပြုပေးနေသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း တပ်မတော်(လေ) ကိုအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်များကိုသာမက လိုအပ်သည့် စက်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လေကြောင်းစွမ်းပကားဖြင့် နိုင်ငံတော် ကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကာကွယ်ရေးမူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခြင်းများကိုစနစ် တကျ ဆောင်ရွက်နေရန်လိုပြီး တစ်ဦးချင်း၏ စွမ်းရည်နှင့် စိတ်ဓာတ်များ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အသက်စွန့်တာဝန်ထမ်းဆောင်ရန် သစ္စာဆိုတိုင်တည်ထားသည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်အတွက် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့်အတွက် တပ်မတော်သားများ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောာင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်သို့ဝင်ရောက်လာကြသူများသည် တပ်မတော်သားများ၏ သစ္စာလေးချက်တွင် အမြင့်ဆုံးသစ္စာဆိုချက်ဖြစ်သည့် “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” ဆိုသည့်သစ္စာဆိုချက်အတိုင်း စောင့်ထိန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာဆိုထားသည့် တပ်မတော်သားတစ်ဦးချင်းစီအနေဖြင့် မိမိကိုယ်ကိုယ်၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ်သစ္စာရှိရမည်ဖြစ်ပြီး ခံယူချက်ကောင်းရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စိတ်ဓာတ်၊ သစ္စာရှိမှုများဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ် သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အသက်စွန့်၍ တာဝန်ထမ်းဆောင်ရန် သစ္စာဆို တိုင်တည်ထားသည့်အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံတော်အတွက် အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားတစ်ဦးချင်းစီအနေဖြင့် မိမိတို့ကိုယ်ကိုယ်ဂုဏ်ယူ၍ တာဝန်ကိုထမ်းဆောင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုပြီး နိုင်ငံရေးနှင့် ပတ်သက် ၍ နိုင်ငံ့အရေး၊ အမျိုးသားအရေးကို ဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *