October 23, 2024

MT News

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရေပူအုပ်စု ကတုပ်တပ်ကွက်သစ်တွင် အနက် ၄၀၀ ပေ၊ အကျယ် ၄ ပေခန့်ရှိသော ကျောက်တွင်းဟောင်းအတွင်းသို့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသားတစ်ဦး မတော်တဆ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တွင်းပြိုကျ၍ပိတ်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုးကုတ်မြို့နယ် အရန်မီးသတ်တပ်ရင်းရုံးမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြတ်စေတနာလူမှူကူညီရေးအသင်း၊ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ လူမှူကူညီရေးအသင်း (မိုးကုတ်) နှင့် ပြည်သူလူထု၏အကူညီဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် ကျား(၁)ဦး (သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့သည်ဟု မိုးကုတ်အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါ တာဝန်ရှိသူမှ “တွင်းက အဝကနေဆို ပေ ၄၀၀ လောက်အထိ နက်တယ်။ ကျွန်တော်တို့ မိုးကုတ်မှာက လက်လုပ်တွင်းလို့ ခေါ်တဲ့ တစ်နိုင်တစ်ပိုင်တွင်းတွေရှိတယ်။ သေဆုံးသူအမျိုးသားက အဲဒီမှာ စက်သီးဆွဲ လုပ်တာ။ တွင်းဝက နင်းကြမ်းခုံ သစ်သားဆွေးပြီး ကျိုးရာက တွင်းထဲ ပြုတ်ကျသေဆုံးတာပါ” ဟု ဆိုသည်။

လက်ရှိအချိန်အထိ သေဆုံးသူမှာ မည်သည့်အရပ်က မည်သူမည်ဝါ ဖြစ်ကြောင်း တိတိကျကျ မသိရှိရသေး​ကြောင်းနှင့် အလောင်းအား မြတ်စေတနာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *