September 19, 2024

၃၁. ၈. ၂၀၂၄
Written by Nay Moe

CRPH ၊ NUG ကို ထူထောင်တဲ့ NLD ပါတီဟောင်းရဲ့ CEC ဖြစ်ခဲ့သူ ဦးအောင်ကြည်ညွန့် ဦးဆောင်မှုအပါအဝင် စုပေါင်းခေါင်းဆောင်မှုနဲ့ ဖွဲ့စည်းထားတဲ့ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) က နယ်​မြေလုတိုက်ပွဲဆင်နွှဲနေတဲ့ TNLA ကို တရုတ်နိုင်ငံ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီက အပစ်အခတ်ရပ်ဖို့ သတိပေးစာပို့တဲ့အပေါ် ရှုတ်ချတယ်လို့ ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

TNLA ကို တရုတ်နိုင်ငံက ပေးပို့တဲ့စာဟာ သတိပေး ခြိမ်းခြောက်စာလို့ ဦးအောင်ကြည်ညွန့်တို့က အမည်တပ်ထားပြီး စာပါအချက်အလက်အရ “ကြောက်ရွံ့ကျိုးနွံမှုနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”လို့ ရိုင်းပျစော်ကားတဲ့ အသုံးအနှုန်းနဲ့ ရေးသားထားတယ်လို့လည်း ဦးအောင်ကြည်ညွန့်က ယူဆထားပြီး ဒီလို ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန်စွာရှုတ်ချတယ်လို့လည်း ဦးအောင်ကြည်ညွန့်တို့ရဲ့ NUCC က ပြောထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုများစွာဖြစ်ပွားအောင် CRPH နဲ့ NUG ကို ဖွဲ့စည်းတည်ထောင်ပြီး သတ်ဖြတ် ဖျက်ဆီးမှုပေါင်း သောင်းနဲ့ချီအောင် လုပ်ဆောင်နေတဲ့ NLD ပါတီဟောင်းက CEC ဖြစ်ခဲ့သူ ဦးအောင်ကြည်ညွန့်နဲ့ မိသားစုဟာ လက်ရှိမှာတော့ မြန်မာပြည်ရဲ့ ဘေးဒုက္ခတွေက ကင်းလွတ်ရာ အမေရိကန်မှာ နေအိမ်ဝယ်ယူနေထိုင်နေကြပြီး ဒီနေထိုင်စရိတ်တွေနဲ့ လူနေမှုဘဝကုန်ကျငွေကိုတော့ NUCC ၊ CRPH နဲ့ NUG ကို နိုင်ငံတကာနဲ့ပြည်သူက လှူဒါန်းထောက်ပံ့ငွေက ရယူအသုံးပြုကြတယ်လို့လည်း ဝေဖန်ခံနေရပါတယ်။

ဒါ့အပြင် LPDF တွေနဲ့ သာမန်ပြည်သူ ၂၀ ကျော်ကို သတ်ဖြတ်လိုက်တဲ့ ယင်းမာပင် PDF အဖွဲ့က ဗိုလ်သံမဏိဦးဆောင်တဲ့အဖွဲ့ကို NUG က အရေးမယူနိုင်မှုမှာလည်း ပြစ်မှုကျူးလွန်တဲ့ ဗိုလ်သံမဏိရဲ့ ကိုယ်ရေးအရာရှိဟာ ဦးအောင်ကြည်ညွန့်ရဲ့ သမက်ဖြစ်နေပြီး ဦးအောင်ကြည်ညွန့်ရဲ့ သမီးရော၊ သမက်​ပါ လူ ၂၀ ကျော် သတ်ဖြတ်မှုမှာ အရေးယူခံရနိုင်တာကြောင့် ဗိုလ်သံမဏိတို့ ယင်းမာပင် PDF ရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကို NUG က အရေးမယူခဲ့တာလို့ ဝေဖန်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ကိုးကန့် MNDAA ၊ ရခိုင်လက်နက်ကိုင် AA နဲ့ တအာန်းလက်နက်ကိုင် TNLA တို့ဟာ နယ််မြေလုယက်တိုက်ခိုက်မှုတွေ ဆင်နွှဲနေတာကြောင့် တရုတ်နယ်စပ်ကုန်သွယ်မှုလမ်းတွေ ပြတ်တောက်နေသလို တရုတ်စီမံကိန်းများစွာလည်းထိခိုက်နေတဲ့အပြင် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုကြောင့် ပြည်သူရာချီသေဆုံးထားရပြီး မြို့ ၅၀ လောက်ဟာ စစ်တလင်းဖြစ်ခဲ့တာကြောင့် ပြည်သူ သန်းနဲ့ချီဟာလည်း စစ်ဘေးဒုက္ခသည်ဖြစ်နေခဲ့တာကြောင့် ဩဂုတ် ၂၉ ရက်မှာ တရုတ်နိုင်ငံက TNLA ကို အပစ်အခတ်ရပ်ဖို့ စာပို့သတိပေးခဲ့သလို TNLA အနေနဲ့လည်း အဖွဲ့တွင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *