September 19, 2024

၃၁. ၈. ၂၀၂၄
Translated by Htwe Ko Tun

မလေးရှားနိုင်ငံ၊ မြို့တော်ကွာလာလမ်ပူတွင် ကမ္ဘာလှည့်ခရီးသွားအသက် ၄၈ နှစ်ရှိ အိန္ဒိယအမျိုးသမီးတစ်ဦးမှာ Jalan Masjid India လမ်းပေါ်၌ လမ်းလျှောက်လာစဉ် ပလက်ဖေါင်းပြိုပျက်၍ မြေအောက်တွင်းထဲသို့ ဩဂုတ်လ ၂၃ ရက်တွင် ကျကာ ပျောက်ဆုံးနေမှုက ဩဂုတ်လ ၃၁ ရက်မှာ ရှစ်ရက်ခန့်ကြာခဲ့ပြီဖြစ်သော်လည်း အရိပ်အယောင်မျှပင် မတွေ့ရှိရသေးဟု သိရသည်။

မလေးရှားတစ်နိုင်ငံလုံးကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့သော အဆိုပါအိန္ဒိယအမျိုးသမီး မြေအောက်တွင်းနက်ထဲသို့ ပြုတ်ကျမှုအတွက် စတင်ဖြစ်ပွားသည့်နေ့မှစ၍ ကယ်ဆယ်ရေးသမား ၁၁၀ က နေ့နေရာညပါ မနားတမ်း ရှာဖွေခဲ့ကြသည်။ သို့သော် ရှာဖွေမှု ၁၇ နာရီကြာချိန်တွင် ဖိနပ်တစ်ရံကို တွေ့ရှိမှုမှတပါး ၎င်းတို့၏ကြိုးပမ်းမှုက မအောင်မြင်ဘဲ ဖြစ်နေရသည်။ ထို့ပြင် အာဏာပိုင်များကပင် ၎င်းတို့အဖို့ ရေငုပ်ရှာဖွေရေးသမားများကိုပါသုံး၍ ရှာဖွေရေးလုပ်ငန်းဆောင်ရွက်‌နေရမှုမှာ အန္တရာယ်များလှပါကြောင်း ပြောလာခဲ့ကြသည်။

ဩဂုတ်လ ၃၀ ရက် နံနက် ၄ နာရီ(ဂရင်းနစ်စံတော်ချိန် ဩဂုတ်လ ၂၉ ရက် ည ၀၉ နာရီ) တွင် မြေအောက်ရေဆိုးပြွန်ကွန်ရက်အတွင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် ရေငုပ်ရှာဖွေသူနှစ်ဦးမှာ ပြင်းထန်လှသော ရေစီးကြောင်းများနှင့် မာကျောသော အမှိုက်သရိုက်များဖြင့်ကြုံခဲ့ကြရကြောင်း မီးသတ်နှင့်ကယ်ဆယ်ရေးဦးစီးဌာနက ပြောကြားခဲ့သည်။

၎င်းကယ်ဆယ်ရေးသမားနှစ်ဦးက မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့်ရေဆိုးပြွန်အလုပ်သမားတစ်ဦးတို့ဖြစ်ကြသည်။၎င်းတို့ ရောက်နေရာ ရေဆိုးပြွန်မှာလည်း ကျဉ်းမြောင်း၍ ၎င်းတို့နှစ်ဦးပြန်ထွက်နိုင်ရန် ပိတ်ဆို့နေသော ကွန်ကရစ်တုံးများကိုခွဲ၍ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရကြောင်း မီးသတ်ဌာန ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။

ရေဆိုးပြွန်များအတွင်း ရေငုပ်အသက်ရှုကိရိယာများဖြင့် ဆင်းသက်နေကြရသော ရေငုပ်ရှာဖွေသူများ မှမီးသတ်သမားတစ်ဦးကလည်း “ကျွန်တော်တို့ အောက်ကိုဆင်းသွားတယ်ဆိုရင် တကယ်ကြောက်စရာကောင်းတာပဲ။ အောက်မှာ ဘာမှကိုမမြင်ရတော့ဘဲ မှောင်မည်းနေတာ။ မိုးကလည်းရွာနေသေးတယ်။ ဒီပြွန်တွေထဲမှာလည်း လူ့အညစ်အကြေးတွေ၊ တခြားအမှိုက်သရိုက်တွေကပြည့်နေတာ။ ဆင်းပြီး ပြန်တက်လာပြီဆိုရင် ကျွန်တော်တို့မှာ ငြိကပ်ပါလာတာတွေမှန်သမျှ ချက်ချင်းကိုဆေးကြောဖယ်ရှားရတာပဲ” ပြောခဲ့ပြန်သည်။

မြေအောက်သို့ကျသွားခဲ့သော အိန္ဒိယအမျိုးသမီး ပစ္စက်ဂါလီမှာ အနီးရှိ ဘုရားကျောင်းတစ်ခုသို့ မိသားစုနှင့်အတူအသွားတွင် Jalan Masjid India လမ်းပေါ်၌ လမ်းပြိုပျက်ကာ ရှစ်မီတာ(၂၆ ပေ) ခန့်ရှိသည့် မြေအောက်တွင်းကြီးထဲသို့ ပြုတ်ကျခဲ့ရခြင်းဖြစ်သည်။

ထိုကဲ့သို့ကျသွားအပြီး မကြာမီပင် မြေတူးစက်များဖြင့် ထိုနေရာတစ်ဝိုက်အားတူး၍ ကယ်ဆယ်ရေးသမားများ ကလည်း အနံ့ခံခွေး၊ စက်ရုပ်ကင်မရာများကိုပါသုံးကာမြေအောက်ပိုက်များသို့ ရှာဖွေခဲ့ကြသည်။ ထို့ပြင် ထိုအမျိုးသမီးမှာ မြေအောက်ရေစီးကြောင်းနှင့်အတူပါသွားနိုင်သောကြောင့် ရေဆိုးပြွန်အဆုံးသတ်ရာ စက်ရုံ၌ လည်းကောင်း၊ ထိုနေရာအနီးတစ်ဝိုက်ရှိ မြေအောက်ရေဆိုး‌ပြွန် ကွန်ရက်များသို့ ဆင်း၍လည်းကောင်း ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ဩဂုတ် ၂၇ ရက်တွင်မူ မြေအောက်သိပ်သည်းမှုအပြောင်းအလဲအခြေအနေများကို သိနိုင်ရန် ဘီးတပ် မြေအောက်သို့ထိုးဖောက်တိုင်းနိုင်သော ရေဒါကိရိယာတစ်ခုပါ ရှာဖွေနေသည့်နေရာသို့ရောက်လာခဲ့သည်။

မလေးရှားအစိုးရကလည်း မစ္စက် ဂါလီ၏ မိသားစုကို ပြည်ဝင်ခွင့် တစ်လ ထပ်မံတိုးပေးခဲ့သည်။

ထိုသို့ အန္တရာယ်အခက်အခဲများကြားမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသော်လည်း ရှစ်ရက်ခန့် ကြာသည်ထိ မတွေ့ရသေးသော အိန္ဒိယအမျိုးသမီးအားရှာဖွေမှုများက လက်လျှော့ရတော့မည်လားဟုပင် မေးရမည်ကဲ့သို့ဖြစ်နေပေသည်။

Ref- bbc

Leave a Reply

Your email address will not be published. Required fields are marked *