September 19, 2024

၃၁. ၈. ၂၀၂၄
Translated by Htwe Ko Tun

စက်ချို့ယွင်းမှုတွေရှိနေတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုပိုင် ရဟတ်ယာဉ်တစ်စီးကို အိန္ဒိယနိုင်ငံ၊ အတ်တရာခန် ပြည်နယ်၊ ကီဒါနတ်မြို့မှ ဂေါချာမြို့သို့ MI-17 ရဟတ်ယာဉ်တစ်စီးနဲ့ လေကြောင်းမှသယ်ယူပို့ဆောင်ပေးစဉ် ချည်နှောင်ထားတဲ့ကြိုးတွေကိုဖြတ်ကာ အဆိုပါရဟတ်ယာဉ်ကို မန်ဒါကီနီမြစ်အနီး မြေပြင်ကို ဩဂုတ်လ ၃၁ ရက် မနက်က ဖြုတ်ချခဲ့ရမှုတစ်ရပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ကို သယ်ဆောင်လာစဉ် လေထဲတင် ဖြုတ်ချခဲ့ရမှုကို တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူက အခုလို ရဟတ်ယာဉ်လေထဲမှ မြေပြင်သို့ ကြိုးပြတ်ပြုတ်ကျမှုမှာ တစ်စုံတစ်ဦးမှ ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကို ဗီဒီယို ကင်မရာနဲ့ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတာဝန်ရှိသူက အစီအစဉ်အရ အဆိုပါ စက်ချို့ယွင်းနေတဲ့ ရဟတ်ယာဉ်ကို MI-17 ရဟတ်ယာဉ် အကူအညီနဲ့ လေကြောင်းမှသယ်ကာ ဂေါချာမြို့လေယာဉ်ကွင်းသို့ ပြုပြင်ဖို့ ပို့ပေးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရဟတ်ယာဉ်ကို သယ်ဆောင် ပျံသန်းလာစဉ် ရဟတ်ယာဉ်အလေးချိန်နဲ့ လေတိုက်နှုန်းတို့ကြောင့် MI-17 ရဟတ်ယာဉ်မှာ ဟန်ချက်ပျက်လာရသည့်အတွက် နောက်ဆုံး MI-17 ရဟတ်ယာဉ်ရဲ့ ရဟတ်ယာဉ်မှူးက ထိုစက်ချို့ယွင်းနေတဲ့ ရဟတ်ယာဉ်ကို မြေပြင်သို့ဖြုတ်ချရန် ဆုံးဖြတ်ကာ မြေပြင်တွင် လူနေအိမ်ရာများကင်းရှင်းတဲ့နေရာမှာ ကြိုးဖြုတ်၍ ချခဲ့ရတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြေပြင်ကိုကျသွားတဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာသူနဲ့ ကုန်ပစ္စည်းတစ်စုံတစ်ရာမပါဘူးလို့ သိရပါတယ်။ ထိုရဟတ်ယာဉ်က ကီဒါနတ်မြို့ ရဟတ်ယာဉ်ကွင်းမှာ မေလက စက်ချို့ယွင်းပြီးအရေးပေါ်ဆင်းသက်ခဲ့ရတာလို့လည်း သိရပါတယ်။

Ref- NDTV

Leave a Reply

Your email address will not be published. Required fields are marked *