September 19, 2024

ပုံစာ- စားအုန်းဆီအိမ်အ‌ရောက်ပို့စနစ်ဖြင့် ဆီမှာယူထားသူများထံသို့ ဆီများလိုက်ပို့ပေးခဲ့မှုကို တွေ့ရစဉ်။

◾️ ပြန်လည်ပြင်ဆင်မှုအရ မြို့နယ်တစ်ခုအတွက် ဖုန်းနံပါတ်တစ်ခုစီပါ စီစဉ်ပေးထား

၃၁. ၈. ၂၀၂၄
Written by Nyein Kyaw

စားအုန်းဆီအိမ်အ‌ရောက်ပို့စနစ်တွင် ဖုန်းနံပါတ်အသစ်များ ထပ်မံဆောင်ရွက်နေမှုကြောင့် ယခုရက်ပိုင်းတွင် မှာယူမရခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာ ၂ ရက်မှစတင်၍ ပြန်လည်မှာယူနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စားအုန်းဆီ အိမ်အရောက်အပို့စနစ်အား ဇူလိုင်လ ၃၁ ရက်မှစတင်ပြီး ဖုန်းလိုင်းခွဲ ၇ ခုဖြင့် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း အမှာစာများ လက်ခံပေးခဲ့ပြီး စားအုန်းဆီမှာယူသူ ပိုမိုများလာသောကြောင့် ဩဂုတ်လ ၈ ရက်မှစတင်၍ ဦးစားပေးဖုန်းနံပါတ် ၀၉-၇၇၉၇၇၈၈၈၇ (လိုင်းခွဲ-၉) ခုနှင့် မှာယူနိုင်သည့် အချိန်များပါ တိုးမြှင့်ပေးကာ ဆီအမှာစာများကို လက်ခံပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ဩဂုတ်လ တတိယအပတ်မှစတင်ကာ ဖုန်းဆက်မှာယူရာတွင် ဖုန်းဝင်သော်လည်း ပြန်လည်ဖြေကြားမှုမရှိခြင်းမှာ ဖုန်းနံပါတ်တစ်ခုတည်းမှ လိုင်းခွဲ ၉ ခုဖြင့် လက်ခံနေရသောကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်အားလုံးမှ တစ်ပြိုင်နက်တည်း ခေါ်ယူ၍ လိုင်းများ Error ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် လက်ရှိတွင် မြို့နယ်တစ်ခုအတွက် ဖုန်းနံပါတ်တစ်ခုဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် ဆီမှာယူနိုင်အောင် စီစဉ်ပေးထားကြောင်း သိရသည်။

“ဆီက ရောင်းပေးတယ်။ တနင်္လာနေ့မှာရောင်းပေးမယ်။ အရင်ဖုန်းတွေမဆက်နဲ့။ သတင်းစာထဲမှာ ကြော်ငြာလိမ့်မယ်။ အသင်းရဲ့ Facebook မှာ ကြေညာပါမယ်။ ဖုန်းနံပါတ်က စက်တင်ဘာ ၁ ရက်က စရောင်းမယ်။ ဒါပေမဲ့ ၁ ရက်နေ့က တနင်္ဂနွေမို့ စက်တင်ဘာ ၂ ရက်နေ့ စရောင်းပါလိမ့်မယ်။ အဲဒီကြရင် ဘယ်သူက ဘယ်မြို့နယ်က ဘယ်ဖုန်းကို မှာရမှာဆိုတာ ပါ ပါလိမ့်မယ်။ ဖုန်းနံပါတ်အသစ်တွေကို ကြေညာပေးပါမယ်” ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

စားအုန်းဆီအိမ်အရောက်ပို့စနစ်တွင် မိသားစုတစ်ခု တစ်လစာအတွက် အများဆုံး ၂ ပိဿာအထိ မှာယူနိုင်ပြီး ဈေးနှုန်းအား လက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံကာ ဘူးခွံဖိုးနှင့် ဘူးသွပ်ခ၊ ပို့ဆောင်ခများအပါအဝင် ဆီ ၂ ပိဿာအတွက် ကျပ် ၁၅၀၀၀ ကျော်သာ ကျသင့်မည်ဖြစ်သည်။

ပို့ဆောင်ခ (Delivery)ကို မှာကြားသည့်ဝယ်သူက ပေးချေရမည်ဖြစ်ပြီး ပစ္စည်းရောက် ငွေချေစနစ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်သည်။ မှာယူသည့်နေ့ရက်မှစ၍ သုံးရက်အတွင်း အိမ်အ‌ရောက်ပို့ပေးမည်ဖြစ်ပြီး ကျသင့်ငွေကို ကြိုတင်ပေးချေရန် မလိုကြောင်း အထူးသတိပေးထားသည်။

ပုံစာ- စားအုန်းဆီအိမ်အ‌ရောက်ပို့စနစ်ဖြင့် ဆီမှာယူထားသူများထံသို့ ဆီများလိုက်ပို့ပေးခဲ့မှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *