September 19, 2024

၃၁.၈.၂၀၂၄
Written By Thandar

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Triple Six Production ရဲ့ “မင်းရှိမယ့်နေရာ” ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှုပြီး ရုပ်ရှင်လက်မှတ်နဲ့ ဇာတ်သိမ်းပိုင်းကို Review ရေးသားပေးပို့သူတွေ ဆုကြေး ကျပ်သိန်း ၃၀ ရရှိမယ့် အစီအစဥ်စတင်နေပြီလို့ MT Entertainment ကို ပြောလာပါတယ်။

“ရုပ်ရှင်ချစ်သူတွေအတွက် ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုယ်ရဲ့ဇာတ်သိမ်းလိုတဲ့ပုံစံကိုရေးပြီးတော့ အကြံပြုချက်လေးနဲ့ ဖြည့်စွက်ပြီးတော့ Review ရေးပေးရမှာပါ။ ဒီဇာတ်သိမ်းအကြောင်းရေးတဲ့နေရာမှာ စည်းကမ်းသတ်မှတ်ချက်အနေနဲ့ ဇာတ်ကားတစ်ကားလုံးကို ဖော်ပြခြင်းမျိုး မဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားရဲ့အပေါ် ကိုယ့်ရဲ့အမြင်နဲ့ရေးရမှာပါ။ တကယ်တော့ ဇာတ်သိမ်းကို ကိုယ့်စိတ်ကူးထဲ ရှိသလို ဇာတ်သိမ်းစေချင်တဲ့အမြင်ကို ဖော်ပြရမယ်။ နောက် ကိုယ်ကြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလက်မှတ်ကိုပါ တစ်ပါတည်း ပူးတွဲဖော်ပြမှ စာရင်းဝင်မှာပါ။ ဆုကြေးငွေအနေနဲ့ ကျပ်သိန်း ၃၀ ရရှိမယ့် အခွင့်အရေးပါ” လို့ Triple Six Production တာဝန်ရှိသူက ပြောပါတယ်။

“မင်းရှိမယ့်နေရာ” ရုပ်ရှင်ဇာတ်ကား ကြည့်ရှုခဲ့တဲ့ ရုပ်ရှင်ရုံလက်မှတ်နဲ့ ဇာတ်ကားရဲ့ ဇာတ်သိမ်းပိုင်းကို Review ရေးသားပြီးတော့ Triple Six Movie Production Pages ကို Mention ခေါ်ပြီး Post တင်ပေးပြီး ပေးပို့ရမှာလည်း ဖြစ်ပါတယ်။ ပေးပို့လာတဲ့ ဇာတ်ကား Reviews များထဲကနေ အကောင်းဆုံး Review တွေကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်နဲ့ Production တို့ဘက်က ရွေးချယ်ပြီး ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၃ သိန်းတို့အပြင် နှစ်သိမ့်ဆု ကျပ် ၁ သိန်း၂ ဦး ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် Triple Six Post အောက်မှာ ရုပ်ရှင်ကြည့်ပြီး လက်မှတ်တွေကို Comment မှာ Ticket လက်မှတ်ပေးပို့သူထဲက ၁၀ ဦး ရွေးချယ်ပြီး ကျပ် ၁ သိန်းဆု (၁၀) ဆုကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မှာဖြစ်ပါတယ်။

အဆိုပါ ဇာတ်ကားကြီးကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ဘုန်းလျှံ၊ အိချောပို၊ နန်းခင်ဇေယျာစတဲ့ သူတွေနဲ့ ရိုက်ကူးထားပြီး လက်ရှိမှာ ဩဂုတ် ၃၀ ရက်က စတင်ကာ ရုံတင်ပြသနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *