September 19, 2024

၃၁. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာရဲ့သမ္မတရုံးက ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့အကြား ကာကွယ်ရေး သဘောတူညီချက်စာချုပ်တစ်ရပ် ဩဂုတ်လ ၃၀ ရက်မှာ ချုပ်ဆိုခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါက တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့လုပ်ဆောင်ချက်တွေကို ဆန့်ကျင်နေတဲ့နိုင်ငံနှစ်နိုင်ငံအကြား ထူးခြားတဲ့ပူးပေါင်းဆောင်ရွက်မှုခြေလှမ်းတစ်ရပ်လို့ ဆိုကြပါတယ်။

ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂလန်ဟာ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုနဲ့ ဩဂုတ်လ ၃၀ ရက်မှာ တွေ့ဆုံဆွေးနွေးဖို့ မနီလာမြို့ကိုရောက်ရှိလာပြီး အဲဒီနေ့အစောပိုင်းမှာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သမ္မတမားကို့စ်ကလည်း ကာကွယ်ရေး သဘောတူညီချက်နဲ့ပတ်သက်လို့ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် “ကျွန်တော်တို့ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပင်လယ်ရေကြောင်းသွားလာရေးပူးပေါင်းဆောင်ရွက်မှုတို့အပြင် ကုန်သွယ်ရေးနယ်ပယ်မှာပါ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် သူက ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ “ဤခရီးစဉ်က ဖိလစ်ပိုင်နဲ့ဗီယက်နမ်အကြား ပိုမိုနက်ရှိုင်း၍ ကျယ်ပြန့်သောဆက်ဆံမှုဖြစ်ပေါ်စေရန် တွန်းအားတစ်ရပ်ဖြစ်လာစေမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ တငွေ့ငွေ့မြင့်တက်လာမှု၊ နိုင်ငံတကာမှစိုးရိမ်မှုနဲ့ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း ကြီးမားတဲ့ကမ်းခြေစောင့်တပ်ဖွဲ့အင်အားတွေဖွဲ့စည်းမှုနဲ့ အိမ်နီးချင်း ဆက်စပ်နိုင်ငံတွေရဲ့ အထူးစီးပွားရေးဇုံသီးသန့်နယ်မြေတွေအတွင်း ဝင်ရောက်လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ ဖိလစ်ပိုင်နဲ့ဗီယက်နမ်အကြား ကာကွယ်ရေးသဘောတူညီချက်က ထွက်ပေါ်လာခဲ့တာပါ။

နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့တွေက ဩဂုတ်လဆန်းပိုင်းမှာ သူတို့ရဲ့ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို မနီလာမြို့မှာ ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒီမှာ ပစ်ခတ်မှုနဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလေ့ကျင့်ခန်းတွေကို ပုံစံတူတွေ ပြုလုပ်လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်သမ္မတမားကို့စ် ဂျူနီယာကလည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဗီယက်နမ်သို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ကာ တောင်တရုတ်ပင်လယ်အတွင်း အကြမ်းဖက်ဖြစ်ပွားမှုများတားဆီးရေးနဲ့ ပင်လယ်ရေကြောင်းသွားလာမှု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေ ချုပ်ဆိုခဲ့ပါသေးတယ်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *