September 19, 2024

၃၁. ၈. ၂၀၂၄
Written by Nyein Kyaw

စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးထားသော်လည်း ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၁၀၀ အထိ မြင့်တက်ခဲ့သည့်အပြင် ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တချို့တွင် ဓာတ်ဆီပြတ်လပ်နေမှုများကြောင့် စက်သုံးဆီတန်းစီဝယ်ယူရမှုများ ယနေ့တွင် ထပ်မံဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၃၀ ရက် (ယမန်နေ့)မှစတင်၍ စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့ပြီး အများပြည်သူ အဓိကသုံးစွဲသည့် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၁၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့သလို ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၉၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဓာတ်ဆီတစ်လီတာ ကျပ် ၁၃၀ ဝန်းကျင် ထပ်မံမြင့်တက်လာခဲ့သည်။

အလားတူ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၅၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ ၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၂၉၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ ကျပ် ၉၅ ကျပ်အထိ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့တွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သလို ယ‌နေ့တွင်လည်း စက်သုံးဆီအရောင်းတချို့ ဓာတ်ဆီဈေးနှုန်းဖွင့်လှစ်ထားသည်ကို မတွေ့ရှိရဘဲ ဈေးနှုန်းဖွင့်လှစ်ထားသော ဆိုင်များတွင်လည်း ယာဉ်တန်းရှည်ကြီးများဖြင့် တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆိုင်မှာတော့ ဓာတ်ဆီပြတ်နေလို့ မရောင်းတာပါ။ အခုတော့ ဒီဇယ်တစ်မျိုးပဲ ရောင်းပေးနေတယ်။ ဒီဇယ်တောင် ပရီမီယံဒီဇယ်ပဲရတယ်” ဟု တာမွေမြို့နယ်အတွင်းရှိ နာမည်ကြီးစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြောင့် သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီ Terminal တွင် ဆီထုတ်ရန် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်ဆီဝယ်ယူမှု အခက်အခဲဖြစ်ပေါ်ခဲ့မှုများအား Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုများကြောင့် ပြန်လည်အဆင်ပြေမှုရှိသည်။

သို့သော် ယခု ဩဂုတ်လ ၁၀ ရက်မှစတင်ပြီး ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်ခဲ့၍ စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ အထိ ထုတ်ရောင်းပေးခဲ့ပြီး ဆီတင်သင်္ဘောများ အဆက် မပြတ်‌ရောက်ရှိခဲ့ခြင်းကြောင့် ပြန်လည်အဆင်ပြေခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် တစ်ကျော့ပြန် ထပ်မံတန်းစီဝယ်ယူရမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယမန်နေ့က အမြင့်ဈေးနှုန်းအတိုင်း ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၁၀၀၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၃၂၄၀၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၆၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၉၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *