September 19, 2024

၃၁. ၈. ၂၀၂၄
Written by Nay Moe

အရပ်သားပြည်သူငါးဦးကို NUG ဩဇာခံ သာယာဝတီ PDF က ပျူစောထီးလို့ဆိုကာ စွပ်စွဲဖမ်းဆီးအပြီးမှာ ချုပ်နှောင်ထားဖို့ ထောင်မရှိလို့ အကြောင်းပြချက်နဲ့ ငါးလောင်းပြိုင်သတ်ဖြတ်လိုက်တဲ့အပေါ် အရေးယူပေးဖို့ ပဲခူးတိုင်းက PDF တွေနဲ့ အမှန်တရားလိုလားတဲ့ ပဲခူးတိုင်း တော်လှန်ရေးအင်အားစု ၃၅ ဖွဲ့က NUG ကို စာပို့​တောင်းဆိုထားတယ်လို့ သိရပါတယ်။

၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၃ဝ ရက်စွဲနဲ့ NUG ယာယီသမ္မတကို လိပ်မူထားတဲ့ ဒီစာမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂)စစ်ဒေသခွဲ၊ တိုင်းစစ်ဌာန (ပဲခူး)၊ သာယာဝတီခရိုင်တပ်ရင်းအမှတ်(၁) က တပ်ရင်းမှူး(ယာယီ) မိုးကြိုးကြီး ဆိုသူက ပဲခူးရိုးမအတွင်း ကျွဲဆွဲသွားကြတဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေဖြစ်တဲ့ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင် – ကံကြီးရွာနေ ၁။ ကိုငြိမ်းချမ်းကိုကို (ဘ) ဦးမြင့်လွင်၊ ၂။ ကိုရဲလင်းကို (အဘ) ဦးမြင့်ကြိုင်၊ ၃။ ကိုစန်းအောင် (အဘ) ဦးကိုကျင် ၊ ၄။ ကိုပီကေ (အဘ) ဦးအောင်ကြီး၊ ၅။ ကိုတင်မောင်အေး (အဘ) ဦးမြင့်တို့ (၅)ဦးကို အခု ဩဂုတ်လအတွင်း ဖမ်းဆီးစစ်ဆေးပြီး ပျူစောထီးတွေလို့ စွပ်စွဲသတ်မှတ်ကာ ဖမ်းဆီးချုပ်နှောင်ထားရှိဖို့ ထောင် – အချုပ် မရှိဘူးလို့ အကြောင်းပြပြီး ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့မှုအတွက် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားမျှတမှုအတွက်အမြန်ဆုံး စစ်ဆေးဖော်ထုတ် အပြစ်ပေး အရေးယူပေးနိုင်ဖို့ တောင်းဆိုထားတာပါ။

တောင်းဆိုချက်မှာဆိုရင် ငါးလောင်းပြိုင်လူသတ်တဲ့ ပြစ်မှုမှာ ကိုယ်တိုင်ကျူးလွန်သူ၊ ပူးပေါင်းပါဝင်သူ အမိန့်ပေးသူ၊ ပြစ်မှုကျူးလွန်တာသိလျက်နဲ့ အမိန့်အာဏာသုံးပြီး အကာအကွယ်ပေးသူ၊ တရားလိုနဲ့သက်သေတွေ တရားမျှတမှုအတွက် ကူညီသူတွေကို ခြိမ်းခြောက်သူတွေကို ထိရောက်စွာအရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် နစ်နာသူ မိသားစုဝင်တွေကို NUG နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်တောင်းပန်ဖို့၊ နစ်နာကြေးပေးဖို့နဲ့ ကျန်ရစ်သူ ဇနီးသည်တွေ ကလေးသူငယ်တွေအပေါ် ကာကွယ်စောင့်ရှောက်မှုအတွက် အာမခံချက်ပေးဖို့၊ လိုအပ်တဲ့ သက်သေအထောက်အထားအားလုံးကို ရယူစုံစမ်းပိုင်ခွင့်ရှိတဲ့ သီးခြားလွတ်လပ်တဲ့ အခွင့်အာဏာရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး သက်သေတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အပြင် PDF တွေဟာ စစ်သည်တော်ကျင့်ဝတ်တွေကို လေးစားလိုက်နာအောင် တပ်ရင်း၊ တပ်ဖွဲ့တွေကို သေချာကြပ်မတ်ထိန်းကြောင်းဖို့ ကဝ၊ ပေါင်းတည်၊ အုတ်တွင်း၊ သာယာဝတီ၊ လက်ပံတန်း စတဲ့ ပဲခူးတိုင်းအတွင်းမြို့တွေက PDF တွေ ပသုံးလုံး(ပကဖ၊ ပအဖ၊ ပလဖ) စတဲ့ NUG လက်အောက်ခံလက်နက်ကိုင်တွေနဲ့ NUG ကို ထောက်ခံမိတဲ့ပြည်သူတွေက တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *