September 19, 2024

◾️ ပို့ကုန် ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြားငွေတိုးတက်ရရှိမည်ဖြစ်၍ ကုန်ထုတ်လုပ်ငန်းများကို အဓိကဆောင်ရွက်နေခြင်းဟုပါ ပြော

၃၀. ၈. ၂၀၂၄
Written by Nyein Kyaw

အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံပိုင် နိုင်ငံခြားငွေများကို မသုံးစွဲနိုင်ဘဲ ကုန်သွယ်မှုမှရရှိသည့် နိုင်ငံခြားငွေကိုသာ အဓိကသုံးစွဲနေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့စတင် တာဝန်ထမ်းဆောင်ချိန်တွင် အနောက်နိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ အထောက်အပံ့များ ပေးအပ်မှုကိုလည်း လျှော့ချခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးအရပိတ်ဆို့မှုများကြောင့် မိမိတို့နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှုမပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကုန်သွယ်မှုများမှရရှိသည့်ငွေများကို အဓိကထား သုံးစွဲနေရခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခင်က ပြည်ပမှဝင်နေသည့် ဝင်ငွေများကို ပြန်လည်စိစစ်ခဲ့ရာတွင် ချေးငွေများ၊ ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ပြည်ပချေးငွေများကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်ရလျက်ရှိကြောင်း၊ အဓိကအားဖြင့် ကုန်သွယ်မှုများဆောင်ရွက်နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်တွင်း ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အရည်အသွေး ကောင်းမွန်အောင် ဆောင် ရွက်ကြရန်လိုကြောင်း၊ ပြည်ပသို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်မှသာ နိုင်ငံခြားငွေများတိုးတက်ရရှိပြီး နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၆ ဒသမ ၇ ဘီလျံရရှိရန်နှင့် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၆ ဒသမ ၃ ဘီလျံရှိမည်ဟု ခန့်မှန်းထားသည့်အတွက် ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၄၀၀ ရရှိနိုင်မည်ဖြစ်ကြောင်း ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များရသိရသည်။ ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားငွေ ဒေါ်လာ ၁၆ ဒသမ ၇ ဘီလျံကိုသာ အဓိကသုံးစွဲနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *