၃၀. ၈. ၂၀၂၄
Written by Thettant
ဒီညကျင်းပတဲ့ One Championship ရဲ့ One Friday Fights 77 မှာ လူငယ်ဖိုက်တာ စူပါရေချမ်းဟာ ထိုင်းပြိုင်ဘက် ဆူသင်ကို ရင်ဆိုင်ထိုးသတ်ခဲ့ရာမှာ အသာစီးထိုးနိုင်ခဲ့ပေမဲ့ ဒိုင်ဆုံးဖြတ်ချက်နဲ့ ရှုံးခဲ့ပါတယ်။
One Championship ဟာ မြန်မာ့ရိုးရာကျားတွေအဖို့ ကမ္ဘာကသိတဲ့ အောင်မြင်မှုအပြင် တစ်ပွဲထိုးသတ်ကြေးဟာ ဆုကြေးပါပေါင်းမယ်ဆို မြန်မာပြည်မှာ တစ်နှစ်လုံးပွဲဆယ်ပေါင်းများစွာအနိုင်ထိုးမှ ရနိုင်မဲ့ သိန်းရာချီပမာဏဖြစ်လာတာကို သိရှိအပြီးမှာ One ကို သွားနိုင်ရေးဟာ ရိုးရာကျားတွေရဲ့ အိပ်မက်ဖြစ်လာတာပါ။ ဒါ့အပြင် ဒီကာလမှာ တခြားအားကစားတွေလို သွားပြိုင်တိုင်း အဆဲမခံရဘဲ ပရိသတ်အားပေးမှု အရမ်းမြင့်တက်လာတာကြောင့်လည်း စူပါရေချမ်းတို့လို့ ငယ်ရွယ်ပြီး ထိုးလုံးသတ်လုံးစုံတဲ့ လူငယ်ဖိုက်တာတွေအဖို့ တခြားသော ရိုးရာကျားတွေထက်လည်း ပိုပြီးတော့ မျှော်လင့်ခံရတာပါ။
One မှာဆိုရင် ထိုင်းနိုင်ငံသားတွေဟာ ဦးစားပေးဖြစ်ပြီး ထိုင်းပြိုင်ဘက်နဲ့ဆုံချိန် အလဲမထိုးနိုင်ရင် ထိုင်းနိုင်ငံသားကို အနိုင်ပေးမှုများတာကြောင့် ကိုယ့်ပြိုင်ဘက်ဟာ ထိုင်းဖြစ်နေရင် သတိထားထိုးသတ်ကြရပြီး ဒီနေ့ညမှာ စူပါရေချမ်းရဲ့ ပြိုင်ဘက် ဆူသင်ကလည်း Suthin Rinn မွေထိုင်းကလပ်ရဲ့ နည်းပြတစ်ယောက်ဖြစ်သလို အသက်ကလည်း စူပါရေချမ်းထက် ၈ နှစ်လောက်ပိုကြီးပြီး အရပ်ကလည်း ၄ လက်မပိုမြင့်ပါတယ်။ ပွဲအတွေ့အကြုံကလည်း ပွဲ ၂၀ ထိုးထားပြီး ရှုံးပွဲမရှိတဲ့ စူပါရေချမ်းထက် ပွဲ ၅၀ မှာ ၁၅ ပွဲရှုံးထားသူမို့ စူပါရေချမ်းထက် အတွေ့အကြုံရင့်ပါတယ်။ ပြောရမယ်ဆို စူပါရေချမ်းလို့ ၁၉ နှစ်သားရဲ့ လက်ရည်ကို အထင်ကြီးလို့ ထိုင်းနိုင်ငံသားကိုမှ ထိုင်းနိုင်ငံသားဆရာတစ်ယောက်နဲ့ပေးတွေ့တာဖြစ်ပြီး ဒါဟာ သွေးသစ်ဝင်းလှိုင်ကို ပွဲ ၃ နှစ်လောက်ဝေးနေတဲ့ ခွန်ဆုတ်နဲ့ ပေးတွေ့ကာ ထိုးလုံးသတ်ပုံကအစ ဖုံးကွယ်ခဲ့သလို ကွာဟမှုမျိုးနဲ့ အလားသဏ္ဍာန်တူနေတာပါ။ Rinn Muay Thai ကဆိုရင် သူ့သင်တန်းသားတွေကို ဆရာဆူတင်ကို သွားအားပေးဖို့တောင် ပို့စ်တင် တိုက်တွန်းထားတာလည်း မြင်ရပါသေးတယ်။
ဒါပေမဲ့လည်း စူပါရေချမ်းက ထိုင်းဖိုက်တာကို သုံးချီစလုံးအသာရခဲ့တာပါ။ ပထမအချီမှာဆို သူတင်ကိုယ်တင်ထိုးကြပြီး အပြန်အလှန်ထိကြပေမဲ့ စူပါရေချမ်းရဲ့ Body shot ဘယ်ညာတွဲလုံးတွေ ထိချက်ပိုများခဲ့ပါတယ်။ ဒုတိယအချီကစ ဆူတင်သက်လုံကျသွားပြီး တစ်ချက်ကောင်းထိုးရင်း လိုက်ဖက်ရင်းနဲ့ အချိန်ကုန်နေပေမဲ့ စူပါရေချမ်းကလည်း ပထမအချီအတိုင်း Body shot တွေ ကပ်နှိုက်တာတွေပဲ ဆက်ထိုးနေခဲ့တာပါ။ တတိယအချီမှာလည်း စူတင်ကလိုက်ဖက်ပြီး အမှတ်ရနိုင်မဲ့ထိုးချက်တွေ တစ်လုံးတစ်လေပြန်ထိုးတာကြောင့် စူပါရေချမ်းကပဲ လိုက်ထိုးနေပေမဲ့ ပွဲအပြီးမှာတော့ One က သူ့နိုင်ငံသား ဆူတင်ကိုပဲ အနိုင်ပေးလိုက်တာပါ။
ဒီပွဲဟာ One ရဲ့ သူ့နိုင်ငံသားကို ဘက်လိုက်မှု၊ စူပါရေချမ်းရဲ့ ဗိုက်ကိုထိုးတဲ့ ဘယ်ညာတွဲလုံးတွေ အတိုက်အနှိုက်တွေဟာ ပြိုဖို့အားနည်းတဲ့ နေရာတွေချည်းထိနေတာကြောင့်လည်း အခုလို ဒိုင်ဆုံးဖြတ်ချက်နဲ့ ရှုံးရတာပါ။ တကယ်လို့ စူပါရေချမ်းသာ Body shot တွေအစား မျက်နှာထိအောင်ထိုးနိုင်ရင် ရလဒ်ပြောင်းသွားနိုင်တယ်လို့ တွေးမိရင်း…။