၃၀.၈.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တစ်ရက်တည်း ဆီဘောက်ဆာယာဥ် ၂ စီးမှ ကုန်တင်ယာဥ် ၂ စီးကို တိုက်မိရာ ယာဥ်မောင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်များမှာ ယနေ့ သြဂုတ်လ ၃၀ ရက် နံနက် ၆ နာရီအချိန်တွင် ပဲခူးမြို့၊ ထောက်ပို့တပ်အနီး၊ ပဲခူးမြို့ရှောင်လမ်းပေါ်တွင် ဆီဘောက်ဆာယာဥ်နှင့်ဒိုင်နာယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ယာဥ်မောင်းအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပဲခူးမြို့ရှိ အမှတ် (၂) ရဲစခန်းမှ သုဘနာရေးကူညီမူအသင်းသို့ ဖုန်းဆတ်အကူအညီတောင်းသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“ဆီဘောက်ဆာနဲ့ဒိုင်နာကား မျက်နှာချင်းဆိုင်တိုက်မိတာ။ ဆီဘောက်ဆာယာဥ်မောင်းတော့ ဘာမှမဖြစ်ဘူး။ ဒိုင်နာယာဥ်မောင်းကတော့ ခြေထောက်နှစ်ဖက်ညပ်နေတာ။ အဲ့ဒီကားတွေရဲ့ ကားစပယ်ရာတွေတော့ ဘာမှမဖြစ်ဘူး။ ဒိုင်နာယာဥ်ခေါင်းပိုင်းတော့ တော်တော်လေးပျက်စီးသွားတယ်။ အဲ့ကားက ဗူးခွံတွေသယ်လာတာ”ဟု သုဘနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
အလားတူ ယနေ့ သြဂုတ်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီခွဲ အချိန်တွင် ပဲခူးမြို့၊ ဘုရားကြီးလမ်းဆုံ မီးပွိုင့်တွင် မော်လမြိုင်မှ ရန်ကုန်သို့ လာသည့် Nissan အမျိုးစားကုန်တင်ယာဥ် ပွိုင့်မိ၍ရပ်ထားစဥ် ရန်ကုန်မှမော်လမြိုင်သို့ ဆင်းမည့် UD Quester အမျိုးစား စက်သုံးဆီတင်ယာဥ်မှ ထိုယာဥ်ကို ချိတ်မိရာ ဆီတွဲဘောက်ဆာမှာ ပြုတ်ကျခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
“လူထိခိုက်မှုတော့မရှိဘူး။ ကုန်တင်ယာဥ်ကို ဆီဘောက်ဆာက ချိတ်မိတာ။ အဲ့မှာ ချိတ်မိတော့ တွဲဘောက်ဆာက ပြုတ်ကျတာ။ ဆီယိုစိမ့်မူတော့မရှိဘူး။ ၉၂ စက်သုံးဆီဂါလံ ၈၈၀၀ ဆီဘောက်ဆာ” ဟု ပဲခူးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
အဆိုပါဖြစ်စဥ်နေရာများသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့်ဒေသခံလူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
Photo -Credit