September 19, 2024

PDF အုပ်စိုးသောဒေသများတွင် ပြည်သူကို လုပ်ကြံသတ်ဖြတ်မှုများ၊ PDF တပ်ဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားနေဟုပါ YRF ပြော

၃၀. ၈. ၂၀၂၄
Written by Nay Moe

နိုင်ကျဥ်းဟောင်း PDF တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့(YRF) ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးဌာနတာဝန်ခံ ရဲဘော်သန်းထိုက် (ခ) ညီညီဟာ ဩဂုတ်လ ၂၇ ရက်နေ့က ရက်ရက်စက်စက်လူမဆန်စွာ မတရား လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ YRF က ဒီနေ့ သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

YRF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရဲဘော်သန်းထိုက်ဟာ ဘယ်လိုပုံစံနဲ့သတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကို ဖော်ပြမထားပေမယ့် လက်ရှိကာလမှာ PDF အဖွဲ့တွေ အုပ်စိုးထားတဲ့ဒေသတွေမှာ လက်နက်မဲ့ပြည်သူကို လုပ်ကြံသတ်ဖြတ်မှုတွေ၊ PDF အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အပြင် ဒီလို တန်ပြန်တော်လှန်ရေးလုပ်ရပ်တွေကို တိုးတက်တဲ့တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းအနေနဲ့ ပူးတွဲစုံစမ်းဖော်ထုတ်ခြင်းလုပ်ငန်းတွေ ပူးတွဲအုပ်ချုပ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ အားနည်းနေတယ်လို့ ပြောထားပါတယ်။

“ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကိုညီညီဟာ
28.8.2024 (ဗုဒ္ဓဟူး) နေ့က အညာဒေသတစ်နေရာ(စစ်ကောင်စီတပ်မရှိ) တဲ့ နေရာမှာ ​ေ-နတ်နဲ့ လုပ်ကြံ-တ်ဖြတ်ခံလိုက်ရပါတယ်။ ကိုညီညီဟာ အရင်က နိုင်ကျဉ်းတစ်ဦးဖြစ်ခဲ့တယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများဖက်က သတင်းစုံစမ်းနေဆဲဖြစ်ပြီး တရားမျှတမှုဖော်ဆောင်ဖို့၊ စုံစမ်းစစ်ဆေးအရေးယူပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တာဝန်အပြည့်အဝ ရှိကို ရှိပါတယ်။ (NUG ဟာ TJ (Transitional Justice) နဲ့ပတ်သက်ပြီး အပြည့်အဝ တာဝန်ယူပေးရပါလိမ့်မယ်)။ အလားတူ အမှုတွေ အညာဒေသမှာ အများကြီး ရှိနေပါတယ်။ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်မျိုး ရှိနေပါစေ လူတစ်ယောက်ကို -တ်ချင်တိုင်း -တ်ခွင့်ပေးထားတဲ့ လူ့အဖွဲ့အစည်းမျိုး ကျနော်တို့ လုံးဝ(လုံးဝ)အဖြစ်ခံလိုက်လို့မရပါဘူး။(သတ်ပုံမူရင်း)”လို့ PDF အမျိုးသမီးတစ်ဦးဖြစ်တဲ့ Aye Myint Aung Aung အကောင့်ပိုင်ရှင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Aye Myint Aung Aung အကောင့်ပိုင်ရှင်ရဲ့ ပို့စ်အောက်မှာ ရဲဘော်သန်းထိုက်ကို သတ်သူဟာ NUG လက်အောက်ခံ ပကဖတွေဖြစ်မယ်လို့ မှတ်ချက်ပေးသူတွေ တွေ့ရသလို ဒီလို မတရားသတ်ဖြတ်ခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့နဲ့ YRF အနေနဲ့လည်း ဒီမတရားသတ်ဖြတ်မှုကို ဘယ်သူကပဲ ကျူးလွန်ပါစေ တရားခံကိုအပြစ်ရှိတဲ့အတိုင်း အပြစ်ပေးအရေးယူပြီး ရဲဘော်သန်းထိုက်(ခ)ညီညီအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG ဩဇာခံ PDF တွေနဲ့ ပသုံးလုံးလို့ အမည်တပ်ခံရတဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့တွေဟာ LPDF တွေကို ဖမ်းဆီးသတ်ဖြတ်မှုအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်ကလည်း NUG ရဲ့ လက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာမှာ ပကဖတွေကို ဆန္ဒပြဖူးတဲ့ ဗကသအဖွဲ့ဝင် ကိုးတန်းကျောင်းသား မောင်မြင့်မြတ်ဦး လည်လှီးအသတ်ခံခဲ့ရသလို မေလ ၂၃ ရက်လည်း ပုလဲပအဖခေါင်းဆောင် ဇော်ထက်အိမ်မှာ ပုလဲပလဖ သတင်းပြန်ကြားရေး တာဝန်ခံ ပုလဲမောင် ရိုက်နှက်သတ်ဖြတ်ခံရမှုတွေရှိပြီး NUG ရဲ့ ပသုံးလုံးအဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ ဒီဖြစ်စဥ်နှစ်ခုကို တိုင်ကြားဆန္ဒပြပေမဲ့လည်း တရားခံဖော်ထုတ်အရေးယူဖို့ NUG ဟာ မသိဟန်ဆောင် နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

ပုံစာ။ NUG ၏ လက်နက်ကိုင်များကြီးစိုးသည့်နေရာတွင်ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသည့် ရဲဘော်သန်းထိုက်(ခ)ညီညီ(ဓာတ်ပုံ- Aye Myint Aung Aung)

Leave a Reply

Your email address will not be published. Required fields are marked *