September 19, 2024

၃၀. ၈. ၂၀၂၄
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ အနောက်ပိုင်းရှိ Seodaemun ခရိုင် အတွင်းလမ်းတစ်လမ်းပေါ်၌ ဩဂုတ်လ ၂၉ ရက်က မော်တော်ကားတစ်စီး မောင်းနှင်သွားလာနေစဉ် လမ်းလယ်တွင် ရုတ်တရက် တွင်းကြီးတစ်ခုဖြစ်ပေါ်ကာ ကားမှာလည်း အဆိုပါတွင်းထဲသို့ ပြုတ်ကျခဲ့ရပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Korea Herald သတင်းစာတွင် ဖော်ပြချက်အရ ကားထဲတွင် အသက် ၈၀ ကျော် အမျိုးသားတစ်ဦး အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦးတို့ လိုက်ပါလာကြပြီး ကားမှာဘေးတိုက်စောင်းကာ လမ်းလယ်ရှိ တွင်းကြီးအတွင်းသို့ ကျနေခဲ့ကြောင်း သိရသည်။

သတင်းတွင် ယာဉ်သွားလာမှု ပြည့်ကျပ်နေခြင်းက ထိုကဲ့သို့ လမ်းပေါ်တွင် တွင်းကြီးကိုဖြစ်ပေါ်စေခဲ့ခြင်းဟုယူဆရကြောင်းဖော်ပြခဲ့ပြီး အကြောင်းရင်းကို သေချာစွာသိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ဆိုသည်။ အဆိုပါနေရာသို့ မည်သူကိုမျှ ဝင်ရောက်ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း အာဏာပိုင်များက တားမြစ်ထားခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်လည်း ထိုကဲ့သို့ပင် လူအသွားအလာများသည့် လမ်းတစ်ခုပြိုပျက်ကာ အသက် ၄၈ နှစ်ရှိ ကမ္ဘာလှည့်ခရီးသွား အိန္ဒိယအမျိုးသမီးတစ်ဦး တွင်းထဲသို့ ကျရောက်ပျောက်ဆုံးနေမှု ဩဂုတ်လ ၂၃ ရက်ကဖြစ်ခဲ့အပြီးတွင် ဆိုးလ်မြို့၌လည်း ဤကဲ့သို့ ထပ်မံဖြစ်ခဲ့ရခြင်းဖြစ်သည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *