September 19, 2024

◾️ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သည့် ဒေါ်လာ ၁၀၃ သန်းကျော်ရှိ ဆေးကုမ္ပဏီ ၁၁၆ ခု၏ သွင်းကုန်လိုင်စင်များကိုပါ လိုင်စင်လျှောက်လွှာအသစ်ဖြင့် တင်ပြရမည်

၃၀. ၈. ၂၀၂၄
Written by Nyein Kyaw

စက်တင်ဘာ ၁ ရက်မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြနိုင်မှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၂၈ ရက်စွဲပါ စာအမှတ်၊ ကသရ(ဦး)ပို့သွင်း ၁/၂၀၂၄-၂၀၂၅(၄၄၀၄) ဖြင့် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆၆/၂၀၂၄) လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုရမည်ဖြစ်သည့်အတွက် ကုန်သွယ်ရေးဦးစီးဌာန၊ Trade Net 2.0 စနစ်တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ လျှောက်ထားသော ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား စနစ်အတွင်းမှ ပယ်ဖျက် (Delete) သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“စက်တင်ဘာ ၁ ရက်ကနေ Export Earning ကပ်နိုင်တော့မှ သွင်းကုန်လိုင်စင်ကို ချပေးမယ်ဆိုတဲ့သဘောပေါ့။ လောလောဆယ်ကတော့ ဒီတိုင်းကြေညာထားတာပဲရှိသေးတယ်။ အသေးစိတ်ကတော့ ဘယ်လိုတွေ လုပ်ရမလဲဆိုတာက အသေးစိတ်ညွှန်ကြားစာတွေ ဘာမှမရသေးဘူး။ အဲဒါတွေရလာပြီးမှပဲ သုံးသပ်ရမှာပေါ့။ အခုကတော့ ဒီလိုမျိုးလုပ်မယ်ဆိုတဲ့ ညွှန်ကြားလွှာပဲရှိသေးတယ်။ နောက်ပိုင်း FOB တွေ ဘာမှမသိရသေးဘူး။ အဲဒီတော့ အခုတော့ ပြောဖို့စောနေသေးတယ်။ အဲဒီလိုကပ်ရမယ်ဆိုတဲ့ သတင်းလေးပဲရှိပါသေးတယ်” ဟု မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ ပေးပို့ထားသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သော ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာကုမ္ပဏီ (၁၁၆)ခုမှ စောင်ရေ (၇၁၆) စောင်၊ စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းအား အသင်းမှ စိစစ်ပြီးသည့်အချိန်တွင် ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာအသစ်ဖြင့်သာ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူပြီး ဆေးဝါးသွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား ပို့ကုန်ရငွေ (Export Earning) ဖြင့် တင်ပြရမည်ဖြစ်ကြောင်းနှင့် ဆေးဝါးတင်သွင်းမည့် ကုမ္ပဏီများသို့ ထပ်ဆင့်အသိပေးသွားရန်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားမှု Oil များကိုလည်း Oil အသစ်ဖြင့်သာ ပြန်လည်လျှောက်ထားရန် အသိပေးအကြောင်းကြားထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၉ လဆက်တိုက် ဆေးဝါးများအတွက် သွင်းကုန်လိုင်စင်များ ယာယီရပ်ဆိုင်းခဲ့သဖြင့် ပြည်တွင်းဈေးကွက်၌ တချို့သောနာမည်ကြီးဆေးဝါးများ အနည်းငယ်ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ ဆေးဝါးအချို့လည်း ဈေးနှုန်းများမြင့်တက်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခု ၂၀၂၄ ခုနှစ် မတ်လမှစတင်ပြီး ဆေးဝါးများအတွက် သွင်းကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးခဲ့သလို ဗဟိုဘဏ်မှလည်း ဆေးဝါးတင်သွင်းရန်လိုအပ်သော နိုင်ငံခြားငွေများ ရောင်းချပေးမှုဖြင့် တင်သွင်းထားသည့် ဆေးဝါးများ လာမည့်လများတွင် ရောက်ရှိလာမည်ဖြစ်၍ ပြည်တွင်း၌ ဆေးဝါးများ ပုံမှန်အတိုင်း ပြန်လည်ရရှိလာမည့်အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *