September 19, 2024

၃၀. ၈. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကျန်းမာရေးအကြံပေးပုဂ္ဂိုလ် နာဂျာဟန် ဘီဂမ်က ဇူလိုင်လဆန်းမှစတင်ခဲ့သော ကျောင်းသားများခေါင်းဆောင်သည့် လူထုဆန္ဒပြအုံကြွမှုအတွင်း လူ ၁,၀၀၀ ကျော်သေဆုံး၍ လူ ၄၀၀ ကျော် မျက်စိမမြင်ဖြစ်ကာ အမြင်အာရုံဆုံးရှုံးခဲ့ကြကြောင်း ဩဂုတ်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အကြံပေးပုဂ္ဂိုလ်က ဒက်ကာမြို့၊ ရာဂျာဘာ့ဂ်နယ်မြေရှိ ရဲတပ်ဖွဲ့ဆေးရုံသို့ လာရောက်ခဲ့အပြီး သတင်းထောက်များနှင့်တွေ့ဆုံရှင်းလင်းရာတွင် ဤကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး အထောက်အကူပြုအဖွဲ့ကလည်း သေဆုံးသူများ၏မိသားစုများ၊ ဆေးရုံများ၊ မျက်မြင်တွေ့ရှိသူများနှင့် နေ့စဉ်သတင်းစာများမှ သတင်းများအရ ဆန္ဒပြအုံကြွမှုများအတွင်း သေဆုံးသူ ၈၁၉ ဦး ရှိခဲ့သည်ဟုသိရကြောင်း ဩဂုတ်လ ၂၁ ရက်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ ဩဂုတ်လ ၁၆ ရက်တွင် အစီရင်ခံချက်အရမူ ဇူလိုင်လ ၁၆ ရက်မှ ဩဂုတ်လ ၁၁ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်တွင်ကျောင်းသားများခေါင်းဆောင်သည့် လူထုဆန္ဒပြအုံကြွမှုများ၌ လူ ၆၅၀ ခန့် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

အကြံပေးပုဂ္ဂိုလ်နာဂျာဟန်က ရဲတပ်ဖွဲ့ဆေးရုံ၌လည်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များ ကုသမှုခံယူနေရကြောင်း၊ အများအပြားမှာ ခြေထောက်နှင့် ခေါင်းတို့တွင် ဒဏ်ရာများရထားကြကြောင်း၊ သို့သော်၎င်းတို့ ကောင်းစွာပြန်လည်ကျန်းမာလာသည်ကို တွေ့ရကြောင်းလည်း ပြောခဲ့သည်။ ၎င်းက ကျောင်းသား ညှိနှိုင်းရေးမှူးတစ်ဦးလည်း ထိုဆေးရုံတွင် ကုသခံနေကြောင်းပြောခဲ့သည်။

နာဂျာဟန်က ဆေးရုံ၏ခွဲစိတ်ခန်းတွင် ဒဏ်ရာရ ရဲအရာရှိများကို အားပေးစကားပြောခဲ့ကာ ၎င်းတို့၏ အခြေအနေများကို မေးမြန်းခဲ့သည်။ ထို့ပြင် ၎င်းက ဆန္ဒပြမှုများတွင် မျက်စိအာရုံဆုံးရှုံးခဲ့ရသူများကို အထူးအလေးထားဂရုစိုက်ပေးနေကြောင်းလည်း ပြောကြားသွားခဲ့သည်။ အများအပြားက မျက်စိတစ်လုံး (သို့မဟုတ်) နှစ်လုံးစလုံးပင် ဆုံးရှုံးခဲ့ကြရကြောင်းလည်း ၎င်းကဆက်လက်ပြောခဲ့သည်။

ထို့ပြင် ၎င်းက မျက်စိဆုံးရှုံးခဲ့သူများစာရင်းကို အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်သော Sheba Foundation သို့ပေးပို့ခဲ့ရာ ဘင်္ဂလားဒေ့ရှ်သို့ ဆရာဝန်များဖြစ်နိုင်သ၍ပို့ပေးရန် သဘောတူခဲ့ကြောင်းလည်း ပြောခဲ့သည်။

Ref- Daily Star

Leave a Reply

Your email address will not be published. Required fields are marked *