September 19, 2024

◾️ လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်တန်ဖိုး (Per Capita GDP) ကျပ် ၂၇ သိန်းခွဲခန့်ဖြစ်ပေါ်လာရန်ပါ ရည်မှန်း

၃၀. ၈. ၂၀၂၄
Written by Nyein Kyaw

ယခုဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP ကျပ်ဘီလျံ ၁၅၅,၅၄၀ ကျော်နှင့် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားကြောင်း ဩဂုတ်လ ၂၉ ရက်(ယမန်နေ့)တွင် ထုတ်ပြန်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းရည်မှန်းချက်တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက်ဈေးနှုန်းများအရ ကျပ် ၁၅၅,၅၄၃ ဒသမ ၅၃၄ ဘီလျံရရှိရန်နှင့် စီးပွားရေးတိုးတက်မှုနှုန်းကို ပုံမှန်ဈေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားပြီး ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုးတက်မှုနှုန်းကို လယ်ယာကဏ္ဍကြီးတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၅ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP ကျပ်ဘီလျံ ၁၄၀,၁၈၀ ကျော်နှင့် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့သည့်အတွက် ယခုဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ GDP နှင့် စီးပွားရေးတိုးတက်မှုနှုန်းမှာ ယခင်နှစ်ထက် GDP ကျပ်ဘီလျံ ၁၅,၃၆၀ နီးပါးနှင့် စီးပွားရေးတိုးတက်မှု သုည ဒသမ ၃ ရာခိုင်နှုန်းတိုတက်လာမည်ဖြစ်သည်။ ယခုဘဏ္ဍာရေးနှစ်တွင် လူတစ်ဦးစီ၏ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်တန်ဖိုး (Per Capita GDP)ကို ကျပ် ၂၇ ဒသမ ၄၂ သိန်း (ကျပ် ၂၇ သိန်းခွဲခန့်) ဖြစ်ပေါ်လာစေရန် ရည်မှန်းထားသည်။

သို့သော် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၃၁ ဒသမ ၇၉၄ ဘီလျံရရှိမည်ဖြစ်ပြီး ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ်မှာ ကျပ် ၃၉ ဒသမ ၆၇၂ ဘီလျံအထိရှိသဖြင့် ပြည်ထောင်စု၏ စုစုပေါင်းလိုငွေမှာ ကျပ် ၇ ဒသမ ၈၇၉ ဘီလျံရှိမည်ဖြစ်၍ လိုငွေနှင့် GDP အချိုးမှာ ၆ ဒသမ ၀၃ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *