September 19, 2024

၃၀.၈.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိလာတဲ့ သရုပ်ဆောင် အေးချမ်းမောင်ကတော့ “အရက်စက်ဆုံးအနမ်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ မေမြင့်မိုရ်နဲ့အတူ နှစ်ယောက်လုံးရဲ့ ငိုတဲ့အခန်းတွေဆိုရင် Chemistry မိပါတယ်လို့ ဖွင့်ဟလာပါတယ်။

“ကျွန်တော်က ဒီဇာတ်ကားကြီးမှာ ဇောင်းဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားတာပါ။ ဒီဇာတ်ကားရဲ့ ဝတ္ထုကလည်း မလွန်းထားထားဆိုတော့ ရိုမန့်ဒရာမာရုပ်ရှင်ဇာတ်ကားကို အများကြီး ပံ့ပိုးသွားတယ်လို့ ပြောလို့ရပါတယ်။ တိုင်ရွန်ရယ်၊ မေလေး@မေမြင့်မိုရ်ရယ်၊ ကျွန်တော်တို့ သုံးယောက်လုံးဆိုတော့ သူ့ကာရိုက်တာနဲ့သူတော့ အံ့ဝင်ခွင်ကျဖြစ်နေတယ်လို့ ထင်တယ်။ ကျွန်တော်တို့ သုံးယောက်လုံး သေချာကြိုးစားထားကြတယ်။ ဝတ္ထုကလည်း ကောင်းပြီးသားမို့လေ။ ကျွန်တော့်တို့ နှစ်ယောက်လုံး Chemistry မိခဲ့ပါတယ်။ မေလေးနဲ့ ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေ အရမ်းတော့ ညှိစရာမလိုဘူး။ နှစ်ယောက်လုံးရဲ့ ငိုတဲ့အခန်းတွေဆိုရင်လည်း Chemistry မိပါတယ်။ ဇောင်းဘက်က တစ်ခုခုဆိုရင် သွေးအေးအေးနဲ့ လိုက်စဥ်းစားတယ်။ ဆုံးဖြတ်ပေးတယ်။ မမှားအောင်ပေါ့။ ကိုယ်ချစ်တဲ့မိန်းကလေးကို မှားနေမှန်းသိရက်နဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ လိုက်ဆုံးမပေးတဲ့ ကာရိုက်တာပါ။ နောက်ဆုံး ဘယ်လောက်ပဲချစ်ချစ် ဘယ်လောက်ပဲ ခွင့်လွှတ်ပါစေ ယောက်ျားမာနကို ထိခိုက်ချိန်မှာ ပွင့်ထွက်လာတာရှိတယ်”လို့ သရုပ်ဆောင် အေးချမ်းမောင်က ပြောပါတယ်။

We Flex Production ရဲ့ ရိုမန့်ဒရာမာ ဇာတ်လမ်းပုံစံ အဆိုပါဇာတ်ကားကြီးကို ဇာတ်လမ်းလွန်းထားထား၊ ဇာတ်ညွှန်း အင်ကြင်းဟန်တို့က ရေးသားထားပြီး အနုပညာအကြံပေး ဒါရိုက်တာအကယ်ဒမီ မီးပွား၊ ဒါရိုက်တာ စိုးမိုးမင်းက သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ အေးချမ်းမောင်၊ အကယ်ဒမီမေမြင့်မိုရ်၊ အကယ်ဒမီ မယ်လိုဒီ၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ မေသန်းနု၊ ထူးသာ၊ ဇက်ဂိုဟန်၊ သွေးသစ်စိုး စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြတာလည်းဖြစ်ပါတယ်။

“အရက်စက်ဆုံးအနမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလဆန်းပိုင်းမှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *