September 19, 2024

TNLA အပစ်မရပ်ပါက ကြောက်ရွံ့ကျိုးနွံမှုနှင့်ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဟုပါ ရွှေလီမြို့၊ နိုင်ငံတော်လုံခြုံရေးကော်မတီ သတိပေး

၃၀. ၈. ၂၀၂၄
Written by Nay Moe

တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းပေးမယ်ဆိုပြီး စတင်ခဲ့တဲ့ MNDAA ၊ TNLA နဲ့ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) မြို့သိမ်းတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး MNDAA ဟာ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အအပစ်ရပ်မယ်လို့ ဇူလိုင်လအတွင်းက နှစ်ကြိမ်ထုတ်ပြန်ခဲ့ဖူးသလို လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက်ဆင်နွှဲနေတဲ့ TNLA ကို တရုတ်နိုင်ငံက စစ်ပွဲရပ်ဖို့ ရာဇသံပေးစာ လူမှုကွန်ရက်မှာ ပျံ့နှံထွက်ပေါ်လာပါတယ်။

တရုတ်နိုင်ငံ၊ ရွေလီမြို့၊ နိုင်ငံတော်လုံခြုံရေးကော်မတီလိပ်မူစာကို ဩဂုတ် ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့ “စစ်ရေးလေ့ကျင့်မှုအကြောင်းကြားကြော်ငြာချက်”စာမှာဆိုရင် “တရုတ်ဘက်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မည်ဖြစ်သည်။ မြန်မာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် တိုက်ပွဲများကို ချက်ချင်းရပ်တန့်ကာ မြန်မာမြောက်ပိုင်းနှင့်တရုတ်-မြန်မာနယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါသည်။ တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူအရပ်သားများနှင့်မြန်မာပြည်တွင်းရှိတရုတ်ပြည်သား၊ လုပ်ငန်းများနှင့်သက်ဆိုင်သောလုံခြုံမှုများကို အာမခံပေးရန် တရုတ်ပြည်နယ်စပ်ဒေသအေးချမ်းတည်ငြိမ်ရေးနှင့်တရုတ်နိုင်ငံသားအသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကိုထိခိုက်စေပြီး အန္တရာယ်ရှိစစ်ရေးအပြုအမူကို ပပျောက်အောင်ဆောင်ရွက်ရမည်။သို့မဟုတ်ပါက တရုတ်ဘက်သည် ကြောက်ရွံ့ကျိုးနွံမှုနှင့်ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့်အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်သည်။ အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန်ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သောလမ်းကြောင်းသို့ ​အမြန်ဆုံးပြန်လာမည်ဟု မျှော်လင့်ပါသည်။ ဤအခြေခံပေါ်တွင် တရုတ်ဘက်သည်အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်၍ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကူညီပြီးသင်တို့အတွက် သင့်လျော်တရားဝင်အခွင့်အရေးများနှင့်အကျိုးစီးပွားများကိုရရှိစေရန်၊ ကျန်းမာစွာနေထိုင်ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရန်ကူညီပေးမည်ဖြစ်သည်။ ဘယ်နေရာဘယ်ဒေသ ရောက်ရောက် တရုတ်ဘက်သည် စောင့်မျှော်ကြည့်ရှုရမည်ဖြစ်သည်။”လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီးဟာ တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းမှာ ဩဂုတ် ၂၇ ရက်ကစပြီး ကြည်းတပ်၊ လေတပ်နဲ့ ကျည်အစစ်နဲ့ ပူးတွဲ လက်တွေ့ စစ်ရေးလေ့ကျင့်မှုဟာ ဩဂုတ် ၂၉ ရက်မှာပြီးဆုံးခဲ့ပါတယ်။ ဒီလေ့ကျင့်မှုဟာ စစ်ဒေသကြီးရှိ တပ်ဖွဲ့တွေရဲ့ ကင်းထောက်နဲ့ ကြိုတင်သတိပေးမှု၊ ထောင့်စုံပိတ်ဆို့ထိန်းချုပ်နိုင်မှု၊ ပစ်ခတ်မှုစွမ်းရည်တို့ကို စစ်ဆေးရန်ဖြစ်ကြောင်း၊ စစ်ဒေသကြီးရှိ တပ်ဖွဲ့တွေဟာ ရုတ်ချည်းဖြစ်ပွားတဲ့ အခြေအနေအမျိုးမျိုးကို ချက်ချင်းကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ထားပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခိုင်မာစွာ ကာကွယ် ထိန်းသိမ်းသွားဖို့
ဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူလေတပ်က ​အကြီးတန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက ပြောခဲ့ပြီး လက်တွေ့စစ်ရေးလေ့ကျင့်မှုတွေကို ရွှေလီမြို့ ဟုယွိကျေးရွာအနီး၊ ရွှေလီမြို့ ဝမ်တိန် မြို့နယ်အနီး၊ ကျန့်ခန်းခရိုင် မုန်သွေးကျေးရွာအနီးနဲ့ ကိန်းမာ တိုင်လူမျိုး ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင် မုန်တင့်မြို့နယ် အနီးနေရာတွေမှာ လေ့ကျင့်ခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပျံနှံနေတဲ့ ဒီစာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဘက်က တုံ့ပြန်မှုမရှိသလို TNLA ဘက်ကလည်း ထုတ်ပြန်လာမှုတစ်စုံတစ်ရာမရှိသေးပေမဲ့ TNLA ဆက်နွှယ် ရွှေဖီမြေသတင်းအေဂျင်စီကတော့ တရုတ်ဘက်က ခြိမ်းခြောက်တယ်လို့ သတင်းဖော်ပြထားတာ တွေ့ရသလို MT News သတင်းဌာနကလည်း ဒီစာနဲ့ပတ်သက်တဲ့ ဘက်အသီးသီးက ထုတ်ဆင့်အတည်ပြုမှုကို ဆက်လက်စုံစမ်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *