October 18, 2024

◾ လိုဏ်ခေါင်းအတွင်း ပိတ်မိနေခဲ့သော မြန်မာအလုပ်သမားတစ်ဦးနှင့် တရုတ်အလုပ်သမားနှစ်ဦး စုစုပေါင်း သုံးဦးစလုံးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိ

၃၀. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံဆက်သွယ်မည့် အမြန်ရထားလမ်းပေါ်ရှိ ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီးမားပြည်နယ်အတွင်းမှ ဖောက်လုပ်ဆဲ ခလွန်ခနန်ချစ် ဥမင်လိုဏ်ခေါင်း ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က ပြိုကျခဲ့မှုတွင် လိုဏ်ခေါင်းအတွင်းပိတ်မိနေသူများအနက် ပိတ်မိနေသည့် အလုပ်သမားသုံးဦးကို ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေရာတွင် သေဆုံးနေသူနှစ်ဦး၏ အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ချိုင်ဝပ်ချွန်ကိုဆမ်က ဩဂုတ်လ ၃၀ ရက်နံနက်တွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့က လိုဏ်ခေါင်းအတွင်းပိတ်မိနေသူများအနက် မြန်မာနိုင်ငံသား ထရပ်ကားမောင်းသူတစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် စတင်တွေ့ရှိခဲ့သည်။ ဩဂုတ်လ ၃၀ ရက်တွင် ဤကဲ့သို့ တရုတ်အလုပ်သမားနှစ်ဦး၏ အလောင်းများကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ရာ လိုဏ်ခေါင်းပြိုကျမှု၌ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သူမရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောခဲ့ကြသည်။

သေဆုံးလျက်တွေ့ရှိသူများ၏ အလောင်းများကို တရားဝင်ဆေးစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သော်လည်း ၎င်းတို့က ပိတ်မိနေသူ မြန်မာထရပ်ကားမောင်းသူ၊ တရုတ်ဆောက်လုပ်ရေးကြီးကြပ်သူနှင့် မြေတူးစက်မောင်းသူတို့ဖြစ်ကြောင်းကြေညာခဲ့သည်။

၎င်းတို့နှစ်ဦး၏ အလောင်းများကို မြန်မာအလုပ်သမားအားတွေ့ရှိရာနေရာမှ သုံးမီတာခန့်အကွာ၌ပင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ဩဂုတ်လ ၂၄ ရက် ညတွင် ဥမင်လိုဏ်ခေါင်းပြိုကျစဉ်က လိုဏ်ခေါင်းအတွင်း အလုပ်လုပ်နေကြခြင်းလည်းဖြစ်သည်။

ပိတ်မိအလုပ်သမားသုံးဦးထံမှ လေးရက်မြောက်နေ့အထိ တုံ့ပြန်မှုများရရှိခဲ့၍ အသက်ရှင်နေကြသေးသည်ဟု ယူဆခဲ့ရသော်လည်း သုံးဦးစလုံးအားကယ်တင်မှုမပြုနိုင်ခဲ့ကြခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွင် အနံ့ခံခွေးများက များစွာအကူအညီရခဲ့ကြောင်းလည်းပြောခဲ့သည်။

Ref-Bangkok Post, Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *