September 19, 2024

လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရာတွင် ယခင်နှုန်းထားများထက် နှစ်ဆခွဲမှ သုံးဆခန့်တိုးမြှင့်လိုက်ပြီး အိမ်သုံးအတွက် အမြင့်ဆုံး တစ်ယူနစ် ကျပ် ၃၀၀ နှင့် လုပ်ငန်းသုံးအတွက် အမြင့်ဆုံး ကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံ

၃၀. ၈. ၂၀၂၄
Written by Tha Doe

လျှပ်စစ်မီတာခများ စက်တင်ဘာ ၁ ရက်ကစ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ထိုသို့ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရာတွင် အိမ်သုံးအတွက် အမြင့်ဆုံး တစ်ယူနစ် ကျပ် ၃၀၀ နှင့် လုပ်ငန်းသုံးအတွက် အမြင့်ဆုံး ကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့ကြေညာသည်။

နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ် ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ တည်ငြိမ်သောလျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာပါသဖြင့် ဓာတ်အားခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရသဘောတူညီချက်အရ ထပ်မံတိုးမြှင့်ကောက်ခံမည့် နှုန်းထားများမှာ အိမ်သုံးလျှပ်စစ်မီတာအတွက် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်အထိ တိုးမြှင့်လိုက်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်နှင့် ၂၀၀၀၁ ယူနစ်အထက် ကျပ် ၅၀၀ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

လက်ရှိကောက်ခံနေသည့် နှုန်းထားများမှာ အိမ်သုံးလျှပ်စစ်မီတာအတွက် ၁ ယူနစ်မှ ၃၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့် အထက် ၁၂၅ ကျပ်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းများအတွက် တစ်ယူနစ် အနည်းဆုံး ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အထိ ကောက်ခံနေရာ ယခု တိုးမြှင့်သော နှုန်းထားများမှာ အမြင့်ဆုံးနှုန်း ချိန်ဆမည်ဆိုပါက အိမ်သုံးအတွက် ၂၄၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းသုံးအတွက် ၂၇၈ ရာခိုင်နှုန်းခန့် တိုးမြှင့်ခြင်းဖြစ်ပြီး နှစ်ဆခွဲသုံးဆခန့် တိုးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *