September 19, 2024

၂၉. ၈. ၂၀၂၄
Written by Nyein Kyaw

ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှရောင်းရငွေနှင့် ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးတို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း ဩဂုတ် ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ဖော်ပြထားသည်။

ပြင်ဆင်သည့် ဥပဒေတွင် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု ၏အခွန်ကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (က)၏ ကုန်သွယ်လုပ်ငန်းခွန်ဥပ‌ဒေ နောက်ဆက်တွဲဇယားများ အမှတ်စဉ် ၃၉ တွင်ပါရှိသော “ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့်” ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်ဟု ဖော်ပြထားသည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်ကောက်ဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (ဈ) ကို “(ဈ) ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှတင်သွင်းခြင်းအတွက် ကုန်ပေါ်ရောက် တန်ဖိုးအပေါ်တွင်လည်းကောင်း သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ သို့ရာတွင် ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများကို ပြည်တွင်း၌ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှတင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင်ရသည့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိစေရ” ဟု အစားထိုး ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရွှေစင်၊ ရွှေတုံး၊ ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှရောင်းရငွေနှင့် ပြည်ပမှတင်သွင်းခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းအား အပြည့်အဝ ပေးဆောင်ရမည်ဖြစ်ပြီး ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့တင်ပို့စဉ် ပေးဆောင်ရသည့် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ခုနှိမ်ခွင့်မရှိကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ ပြင်ဆင်လိုက်သည့်ဥပဒေသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေမည်ဟု ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *