September 19, 2024

၂၉. ၈. ၂၀၂၄
Written by Nyein Kyaw

အခေါက်ရွှေတစ်ကျပ်သား ကျပ် ၈၃ သိန်းအထိ မြင့်တက်ထားသော ပြည်တွင်းရွှေဈေးသည် ဗဟိုဘဏ်မှ ဒေါ်လာအလုံးအရင်း ငါးကြိမ်ထုတ်ရောင်းပေးခဲ့ပြီးနောက် ယနေ့တွင် ကျပ် ၆၉ သိန်းသို့ ပြန်လည်ကျဆင်းခဲ့ပြီး နှစ်ပတ်အတွင်း ကျပ် ၁၄ သိန်းဝန်းကျင် ပြန်လည်ကျဆင်းလာခဲ့သည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်တွင် ဗဟိုဘဏ်မှ ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျော်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း၊ ဩဂုတ်လ ၂၂ ရက်တွင် ဒေါ်လာ ၃၁ သန်း၊ ဩဂုတ်လ ၂၆ ရက်တွင် ဒေါ်လာ ၃၅ သန်းကျော်နှင့် ဩဂုတ်လ ၂၈ ရက်(ယမန်နေ့)တွင် ဒေါ်လာ ၁၇ သန်းနီးပါး ရောင်းချပေးခဲ့သည်။

ဩဂုတ်လ ၁၅ ရက်မှစတင်ကာ ဒေါ်လာများ အလုံးအရင်းဖြင့် ငါးကြိမ်ရောင်းချပေးမှုမှာ စုစုပေါင်းဒေါ်လာ ၁၈၃ သန်းအထိရှိခဲ့သလို ယင်းကာလမတိုင်မီ ဩဂုတ်လ ၁ ရက်မှ ၁၄ ရက်အတွင်း ဒေါ်လာ ၁၁ သန်း ထုတ်ရောင်းထားပြီးဖြစ်၍ ယခုဩဂုတ်လအတွင်း ဒေါ်လာ ၁၉၄ သန်းအထိ ထုတ်ရောင်းပေးခဲ့သည်။ ဒေါ်လာများထုတ်ရောင်းပေးမှုကြောင့် ယနေ့တွင် ဒေါ်လာဈေးနှုန်း ကျပ် ၅၅၀၀ အထိ ပြန်ကျဆင်းလာခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာအလုံးအရင်းဖြင့် ထုတ်ရောင်းမပေးမီကာလ ဩဂုတ် ၁၄ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၈၃ သိန်းအထိ အမြင့်ဆုံးမြင့်တက်ခဲ့ပြီး ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဗဟိုဘဏ်မှ ဒေါ်လာများ အလုံးအရင်းဖြင့် ရောင်းချပေးလာမှုကြောင့် ယနေ့တွင် ပြည်တွင်းရွှေဈေး ကျပ် ၆၉ သိန်းသို့ ပြန်လည်ကျဆင်းကာ နှစ်ပတ်အတွင်း ကျပ် ၁၄ သိန်းဝန်းကျင် ပြန်ကျဆင်းလာခဲ့သည်။

ရွှေဈေးနှုန်း ဈေးကစားဆွဲတင်သူများကို အရေးယူခဲ့သည့် ပြီးခဲ့သည့်ဇွန်လအတွင်းသာ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၅၀ အောက်သို့ အနည်းငယ် ပြန်ကျမှုရှိခဲ့ပြီး ယင်းနောက်ပိုင်းတွင်း ဒေါ်လာဈေး မြင့်တက်သည်နှင့်အမျှ ရွှေဈေးနှုန်းပါ ဆွဲတင်ခဲ့ကာ ယခုဩဂုတ်လအလယ်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၈၃ သိန်းအထိ မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်းမှသာ အကျဘက်သို့ ပြန်လည်ဦးတည်လာခဲ့သည်။

ပြီးခဲ့သည့် နှစ်လကျော်အတွင်း ‌ရွှေဈေးနှုန်း ကျပ်သိန်း ၃၀ ကျော်မြင့်တက်ခဲ့သဖြင့် အဆိုပါ နှစ်လကျော်အတွင်း မြင့်တက်ခဲ့သော ရွှေဈေးနှုန်းမှာ ကျပ်သိန်း ၂၀ အောက်သာရှိခဲ့သော ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းထက်ပင် ပို၍များနေခြင်းကိုလည်း တွေ့ရှိရသည်။

ယခုရက်ပိုင်းအတွင်း ရက်အလိုက်ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံး အခေါက်ရွှေတစ်ကျပ်သား ‌ဈေးနှုန်းများမှာ ဩဂုတ် ၁၄ ရက်တွင် ကျပ် ၈၃ သိန်းဖြစ်ပေါ်ခဲ့ပြီး ဩဂုတ် ၁၅ ရက်မှစတင်ကျဆင်းလာကာ ဩဂုတ် ၂၆ ရက်တွင် ကျပ် ၇၅ သိန်း၊ ဩဂုတ် ၂၇ ရက်တွင် ကျပ် ၇၃ သိန်း၊ ဩဂုတ် ၂၈ ရက်တွင် ကျပ် ၇၂ သိန်း၊ ဩဂုတ် ၂၉ ရက် (ယနေ့) နံနက်ပိုင်းတွင် ကျပ် ၇၁ သိန်းမှ ညနေပိုင်းတွင် ကျပ် ၆၉ သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *