၂၉.၈.၂၀၂၄
Written by KL
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၉၇/၂ နှင့် ၉၇/၃ ကြားတွင် သြဂုတ်လ ၂၉ ရက် နံနက် ၇ နာရီ မိနစ််၂၀ ခန့်က ရပ်စောက် – တောင်ကြီး – ရန်ကုန် ပြေးဆွဲသည့် ESE ခရီးသည်တင်ယာဥ်တစ်စီး ယာဥ်မောင်းအိပ်ငိုက်ရာမှ တစ်ဖက်ယာဥ်ကြောရှိ TOYOTA Belta ယာဥ်ကို ဝင်တိုက်ပြီး ခရီးသည်တင်ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ခရီးသည် ၁၀ ဦးကို တင်ဆောင်လာသော ရပ်စောက် – တောင်ကြီး – ရန်ကုန် ပြေးဆွဲသည့် ESE ခရီးသည်တင်ယာဥ်မှာ မောင်းနှင်လာစဥ် အမြန်လမ်း မိုင်တိုင်အမှတ် ၉၇/၂ နှင့် ၉၇/၃ ကြားတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းညာဘက်ခြမ်း မြေသားလမ်းပေါ်သို့ ရောက်ရှိသဖြင့် ကားလမ်းပေါ်သို့ ပြန်တက်မောင်းနှင်စဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုကျော်၍ တစ်ဖက်ယာဥ်ကြောရှိ TOYOTA Belta အမျိုးအစားမော်တော်ယာဥ်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရသိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် ခရီးသည်တင်ယာဥ်မောင်း အပါအဝင် ခရီးသည် ၅ ဦးနှင့် TOYOTA Belta ယာဥ်မောင်းတို့မှာ ပွန်းပဲ့ ၊ ပေါက်ပြဲထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရာ လူနာများမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
“ဒဏ်ရာရတဲ့ ခရီးသည်အများစုကတော့ ရပ်စောက်ကပါ။ လက်တွေခြေထောက်တွေ ထိခိုက်တာများတယ်။ခရီးသည်တင်ယာဥ်မောင်းနဲ့ ကိုယ်ပိုင်ယာဥ်မောင်းကတော့ ခေါင်းမှာ ပေါက်ပြဲဒဏ်ရာတွေရကြတယ်”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ယာဥ်မှာ ရှေ့လေကာမှန်ကွဲခြင်း၊ ဘယ်ဘက်ခြမ်းကားကိုယ်ထည်ပိန်ချိုင့်ခြင်း၊ ကိုယ်ပိုင်ယာဥ်မှာ ခေါင်းပိုင်းကြေခြင်း၊ ကားရှေ့ဘီးများ ပေါက်ခြင်း၊ လေကာမှန်ကွဲခြင်းနှင့် ရေမြောင်း၊ ကီလိုမီတာတိုင် ၁ တိုင် ပျက်စီးခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ် ခရီးသည်တင်ယာဥ်မောင်းကို ပုဒ်မ ၃၃၈၊ ၃၃၇ နှင့် အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ -၂၂ ဖြင့် မြို့ချောင်းအမြန်လမ်းရဲစခန်းက အမှုဖွင့်ထားသည်။