September 19, 2024

၂၉.၈.၂၀၂၄
Photo @ Written by TZ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေါင်းလောင်းမြစ်၊ ငလိုက်ချောင်းတို့ ရေလျှံပြီး ရေကြီးရေလျှံဖြစ်ပေါ်နေသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ချောင်းကမ်းကြီးကျေးရွာနှင့် စည်ပင်ကြီးကျေးရွာတို့မှ ပြည်သူများအား ပရဟိတအသင်းများက ထမင်း၊ ဟင်းနှင့် ရေသန့်များကို ယနေ့ လှူဒါန်းခဲ့သည်။

ယနေ့နံနက် သြဂုတ်လ ၂၉ ရက် နံနက်ခင်းအချိန်တွင် ရေကြီးရေလျှံဖြစ်ပေါ်နေသည့် ကျေးရွာနှစ်ရွာကို မိုးစေတနာပရဟိတအသင်း (ပျဥ်းမနားရုံးခွဲ) မှ ဦးဆောင်ပြီး၊ တပ်ပိုးရပ်ကွက်မိသားစုနှင့် ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းတို့မှ ပါဝင်လှူဒါန်းကူညီမှုများ ပြုလုပ်ခဲ့သည်။

ရေကြီးရေလျှံဖြစ်ပေါ်နေသည့် ဇေယျာသီရိမြို့နယ်ရှိ ချောင်းကမ်းကြီးကျေးရွာနှင့်စည်ပင်ကြီးကျေးရွာရှိ ရေဘေးသင့်ပြည်သူ စုစုပေါင်း အိမ်ထောင်စု ၆၈၇ စုနှင့်လူဦးရေ ၁၈၅၀ တို့ကို ထမင်း၊ သီးစုံပဲကုလားဟင်း၊ ပုဇွန်ငံပြာရည်ချက်နှင့် ရေသန့် ၂၀ လီတာ၂၁၅ ဗူးတို့ကို မိုးစေတနာပရဟိတအသင်း (ပျဥ်းမနားရုံးခွဲ) မှ လှူဒါန်းခဲ့သည်။

“၁၀ နှစ်လောက်ရှိပြီ။ ဒီလို ရေတွေအများကြီးမတက်တာ။ ရေတက်လည်း အနည်းလေးပဲ။ ခုရာသီဆို လယ်ထဲမှာ စပါး၊ မတ်ပဲ၊ ပြောင်း၊ နှမ်းနဲ့ ရုံးပတေသီးတွေဆို အကုန်ရေနစ်တော့ လယ်သမားတွေ အကုန်ဆုံးရူံးတယ်။ ခုဆို ဘုန်းကြီးကျောင်းမှာ ၁၀ တန်း၊ ၁၁ တန်းနဲ့ ၁၂ တန်းကိုတော့ ဆရာတွေက စာခေါ်သင်ပေးတယ်။ အလှူရှင်တွေတော့ လာလာပြီး လှူပေးကြတော့အဆင်ပြေတယ်။ ဒီရွာမှာ ရေဘေးသင့်အိမ်ခြေ ၄၂၇ အိမ်၊ မိသားစုက ၅၅၀ ရှိတယ်”ဟု စည်ပင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းခိုင်က MT News သို့ ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *