September 19, 2024

၂၉. ၈. ၂၀၂၄
Translated by Htwe Ko Tun

ပြင်သစ်ရဲတပ်ဖွဲ့က လူသုံးများလာတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Telegram ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ရုရှားနိုင်ငံဖွား ပါဗယ်လ် ဒူရော့ဗ်(Pavel Durov) ကို ပါရီမြို့တော်အနီး Le Bourg လေဆိပ်မှာ ဩဂုတ်လ ၂၄ ရက် စနေနေ့က ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းက ဒီရက်သတ္တပတ်အတွင်း ပျံ့နှံ့လို့လာခဲ့ပါတယ်။

Telegram က ဒီခေတ်မှာတော့ ဥပဒေမဲ့၊ ကြမ်းကြမ်းတမ်းတမ်း ပြောချင်ရာပြောနိုင်တဲ့ သတင်းပလက်ဖောင်းတစ်ခုအဖြစ်လည်း ဆိုကြပါတယ်။ တင်းကျပ်မှုလျော့နည်းကာ ရိုးသားမှုမရှိ ဖွင့်ဟနိုင်တဲ့နေရာလို့လည်း ဆိုကြပြီး အာဏာရှင်ဆန်တဲ့ အသိုင်းအဝန်း၊ နိုင်ငံတွေကို ဆန့်ကျင်သူတွေအဖို့လည်း သူတို့ပြောချင်တာတွေ လွတ်လွတ်လပ်လပ် ဖွင့်ဟနိုင်တဲ့ လူမှုကွန်ရက် သတင်းပလက်ဖောင်းတစ်ခုပါ။

ဒူရော့ဗ်ကို ဖမ်းဆီးပြီးနောက်မှာတော့ သူ့ကို အရွယ်မရောက်ကလေးသူငယ်တွေအတွက် ညစ်ညမ်းရုပ်ပုံတွေဖော်ပြမှု၊ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ လိမ်လည်မှုတွေပတ်သက်ပါဝင်နေတဲ့ တရားမဝင် ဖော်ပြချက်တွေကို အရေးယူဆောင်ရွက်ခြင်း မပြုဘဲနေတာ စတဲ့ စွပ်စွဲမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ ပြင်သစ်အစိုးရရှေ့နေ Laure Beccuau ကလည်း ဒူရော့ဗ်ကို ဩဂုတ် ၂၈ ရက်အထိ ၉၆ နာရီ ကြာ ဖမ်းဆီးထားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီဖမ်းဆီးမှုက လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပြင်သစ်အစိုးရရဲ့ စိစစ်ဖြတ်တောက်ဆောင်ရွက်မှုတို့အပေါ် အခြေခံယူဆချက်တွေနဲ့ပတ်သက်လို့ ကြီးမားတဲ့ အငြင်းပွားမှုတွေလည်း ဖြစ်စေခဲ့ပါတယ်။

ဩဂုတ်လ ၂၈ ရက်ညမှာတော့ ပြင်သစ်အစိုးရရှေ့နေ Laure Beccuau က ဒူရော့ဗ်ကို စွဲချက်ခြောက်ခုနဲ့ တရားစွဲစုံစမ်းစစ်ဆေးနေပြီးတော့ ပြင်သစ်နိုင်ငံသားအဖြစ်လည်းခံယူထားတဲ့ ဒူရော့ဗ်ဟာ တစ်ပတ်လျှင် နှစ်ကြိမ် ရဲစခန်းသို့ အစီရင်ခံ အကြောင်းကြားရမှာဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်းမှာပဲနေထိုင်ရမယ် ဆိုတဲ့သတ်မှတ်ချက်တွေနဲ့အတူ ယူရိုငွေ ငါးသန်းတန်အာမခံကိုရရှိမယ်လို့ ပြောခဲ့ပါတယ်။

ပြင်သစ်အာဏာပိုင်တွေက ဒူရော့ဗ်အပေါ် တရားစွဲဆိုချက်တွေမှာတော့ ဒုစရိုက်ဂိုဏ်းတွေက တရားမဝင်အရောင်းအဝယ်လုပ်ငန်းကိစ္စတွေအတွက် အသုံးပြုရာ အွန်လိုင်းပလက်ဖောင်းအဖြစ် Telegram က တည်ရှိနေခြင်း၊ အာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုမပြုခြင်းနဲ့ ရာဇဝတ်မှုဂိုဏ်းတွေက ကလေးသူငယ်များအတွက် ညစ်ညမ်းပုံတွေဖြန့်ဖြူးမှုမှာ ပါဝင်ဆောင်ရွက်နေခြင်း စတဲ့ စွဲချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ကတော့ ဒူရော့ဗ်ကို ဖမ်းဆီးမှုက နိုင်ငံရေးအရ ပတ်သက်မှုမရှိပါဘူးလို့ ဩဂုတ်လ ၂၆ ရက်မှာပြောခဲ့ပါတယ်။ သူက ဒီအမှုမှာ တရားမျှတတဲ့စုံစမ်းစစ်ဆေးမှုနဲ့ ဆောင်ရွက်သွားမှာပါလို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အခြေစိုက် လူမှုကွန်ရက် X ရဲ့ ပိုင်ရှင် အီလွန်မာ့စ်ခ်နဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီဝန်ထမ်းဟောင်း အက်ဒ်ဝပ် စနိုဒန်တို့က ဒူရော့ဗ်ကိုဖမ်းဆီးမှုအပေါ် ရှုတ်ချပြောကြားခဲ့ကြပါတယ်။

ရုရှားနိုင်ငံရဲ့ မာ့က်ဇူကာဘတ် အဖြစ်လည်း အမွှမ်းတင်ခံရတဲ့ ဒူရော့ဗ်ဟာ Telegram အခြေစိုက်တဲ့ ဒူဘိုင်းမြို့မှာနေထိုင်ပြီး ပြင်သစ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ နှစ်ခုစလုံးရဲ့ နိုင်ငံသားအဖြစ် ဆက်သွယ်မှုခံယူထားသူပါ။ Telegram အနေနဲ့ အကြမ်းဖက်အဖွဲ့တွေ၊ မူးယစ်မှောင်ခိုဂိုဏ်းတွေ၊ လက်နက်ရောင်းချသူတွေ လက်ယာစွန်းအုပ်စုတွေနဲ့ ဆက်သွယ်မှု၊ လူသစ်စုဆောင်းမှု နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေပြုတယ်ဆိုပြီး ပြင်သစ်အာဏာပိုင်တွေက စောင့်ကြည့်နေတာ ကြာပြီလို့ဆိုပါတယ်။

ကမ္ဘာမှာထင်ရှားတဲ့ လူမှုကွန်ရက် သတင်းပလက်ဖောင်းတစ်ခုရဲ့ အကြီးအကဲကို ခုလို ရာဇဝတ်မှုတွေ နဲ့ စွဲချက်တင်ဖမ်းဆီးခံရတာကတော့ အခုတစ်ကြိမ်က ပထမဆုံးလို့ ဆိုရမှာပါ။

Ref- Firstpost, Gzero

Leave a Reply

Your email address will not be published. Required fields are marked *