September 19, 2024

၂၉.၈. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးသည် ဇနီးဖြစ်သူနှင့်ချစ်ကြိုက်နေသည့် ထိုင်းနိုင်ငံသားတစ်ဦးနှင့် အငြင်းပွားရာမှ ထိုင်းနိုင်ငံသားတစ်ဦး၏ ဓားဖြင့်အထိုးခံရကာ သေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းတွင် ဖော်ပြထားသည်။

ဖူးခက်မြို့ သာလန်အရပ်ဒေသရှိရဲစခန်းမှ ရဲမှူးကြီး Thanphisit Muangchan သည် ဖူးခက်မြို့၊ ဆီဆန်သွန်လမ်းနားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သြဂုတ် ၂၇ ရက် ည ၁၁ နာရီဝန်းကျင်က အလုပ်သမားအချင်းချင်းရန်ဖြစ်ပွားပြီး ဓားထိုးမှုဖြစ်ပွားသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံသား မစ္စတာ ထွန်းဉာဏ်ဆိုသူကို ပြင်းထန်သောဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် သွေးအိုင်ထဲတွင် ဒဏ်ရာများဖြင့် လဲကျနေသော မြန်မာနိုင်ငံသားဦးထွန်းဉာဏ်ကို သာလန်ဒေသဆေးရုံသို့ ကနဦးတင်ပို့ခဲ့ပြီး နောက်ပိုင်းတွင် ဖူးခက်မြို့ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့သော်လည်း မြန်မာနိုင်ငံသား သေဆုံးခဲ့ရကြောင်း ပြောသည်။

အဆိုပါလုပ်ငန်းခွင်တွင်ရှိနေသည့် မျက်မြင်သက်သေများက ဦးထွန်းဉာဏ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းမြင့်နှင့် ထိုင်းနိုင်ငံသားတို့ ဖောက်ပြန်နေသည်ကို မျက်မြင်ဖမ်းဆီးရမိခဲ့ပြီးနောက် အငြင်းပွားကာ ထိုင်းနိုင်ငံသားနှင့် ရန်ဖြစ်ခဲ့ကြောင်း ပြောသည်။

ထိုင်းနိုင်ငံသားသည် ဦးထွန်းဉာဏ်နှင့် အပြန်အလှန်စကားများရာမှ ဓားကိုအသုံးပြုကာ ထိုးသတ်ရန်ကြိုးပမ်းခဲ့ပြီး ဦးထွန်းဉာဏ်နှင့်ဒေါ်စန်းမြင့်ကို ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဒေါ်စန်းမြင့်လည်း ဒဏ်ရာများရရှိခဲ့ကာ ဖူးခက်မြို့ဆေးရုံတွင် တင်ထားရကြောင်း ထိုင်းအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံသားသည် မြန်မာနိုင်ငံသား လင်မယားကို ဓားဖြင့်ထိုးခဲ့ပြီးနောက် ဖူးခက်မြို့မှ ထွက်ပြေးသွားခဲ့ရာထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ရန် အရှိန်မြှင့်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

REF, Phuketnews

Leave a Reply

Your email address will not be published. Required fields are marked *