September 19, 2024

◾️ ရောင်းချိန်ဈေးကျ၊ မရောင်းချိန် ဈေးဆွဲတင်နေ၍ ဒေါ်လာမည်မျှရောင်းရောင်း ဒေါ်လာဈေး ကျပ် ၅၀၀၀ ဝန်းကျင်သို့ပင် ပြန်ကျမလာသေး

၂၉. ၈. ၂၀၂၄
Written by Nyein Kyaw

ယခုဩဂုတ်လအတွင်း ဒေါ်လာ ၁၇၇ သန်းအထိ ထုတ်ရောင်းချပေးထားသော်လည်း ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၅၆၀၀ အထိသာ ကျဆင်းသေးသဖြင့် ဒေါ်လာဈေးနှုန်း ထပ်မံကျဆင်းစေရေး တစ်ဒေါ်လာ ၃၄၇၂ ကျပ်ဖြင့် ဒေါ်လာ ၁၆ ဒသမ ၉ သန်းအား ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကြေညာခဲ့ပြီးနောက် တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း၊ ဩဂုတ်လ ၂၂ ရက်တွင် ဒေါ်လာ ၃၁ သန်းနှင့် ဩဂုတ်လ ၂၆ ရက်တွင် ဒေါ်လာ ၃၅ သန်းကျော် စုစုပေါင်းဒေါ်လာ ၁၆၆ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ဩဂုတ်လ ၁ ရက်မှ ၂၆ ရက်အထိ ဒေါ်လာ ၁၇၇ သန်း၊ တရုတ်ယွမ် ၁၉ သန်းနှင့် ထိုင်းဘတ် ၇၉ သန်း ရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယခုဒေါ်လာ ၁၇ သန်းနီးပါးအပါအဝင် တစ်လအတွင်း ဒေါ်လာ ၁၉၄ သန်းအထိ ရောင်းချပေးခဲ့သော်လည်း ရောင်းချပေးချိန် ဈေးကျပြီး မရောင်းပေးချိန် ဈေးဆွဲတင်မှုများကြောင့် ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ ဝန်းကျင်သို့ပင် ပြန်လည်ကျဆင်းလာခြင်းမရှိသေးပေ။

ဇူလိုင်လဆန်းမှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ မြင့်တက်ခဲ့သဖြင့် ဒေါ်လာသန်း ၂၀ ကျော်နှင့် တရုတ်ယွမ် ၅ သန်း ထုတ်ရောင်းပေးခဲ့သော်လည်း ဇူလိုင်လကုန်တွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့သည်။ ယခုဩဂုတ်လတွင် ဒေါ်လာ ၁၉၄ သန်း ရောင်းချပေးခဲ့ပြီးဖြစ်သော်လည်း ဒေါ်လာဈေးနှုန်းသည် ဇူလိုင်လဆန်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ကျပ် ၄၅၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာခြင်းမရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိတွင် ဒေါ်လာရောင်းချသူများသည် တစ်ဒေါ်လာ ကျပ် ၆၀၀၀ အောက်ကျဆင်းပါက ပေါက်ဈေးဖြင့် ဒေါ်လာထုတ်ရောင်းမှုမရှိတော့ခြင်းကြောင့် ဒေါ်လာမဖြစ်မနေလိုအပ်နေသူများ ပေါက်ဈေးထက် ဈေးနှုန်းမြှင့်ပေးဝယ်ရသည့် အခြေအနေဖြင့် ဈေးဆွဲတင်နေမှုများရှိကြောင်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

အလားတူ ဩဂုတ်လ ၂၆ ရက်တွင် ဒေါ်လာ ၃၅ သန်းကျော် ထုတ်ရောင်းပေးခဲ့၍ တစ်ဒေါ်လာ ကျပ် ၅၆၀၀ သို့ ပြန်ကျခဲ့သော်လည်း မရောင်းပေးသည့် ဩဂုတ်လ ၂၇ ရက်တွင် တစ်ရက်အတွင်း ၅၇၀၀ သို့ ပြန်လည် မြင့်တက်ခဲ့သည်ကို တွေ့ရှိရသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် အမြင့်ဆုံး တစ်ဒေါ်လာ ဈေးနှုန်းများမှာ ဩဂုတ် ၂၁ ရက်တွင် ကျပ် ၅၉၀၀၊ ဩဂုတ်လ ၂၂ ရက်တွင် ကျပ် ၆၂၀၀၊ ဩဂုတ် ၂၃ ရက်တွင် ကျပ် ၆၀၀၀၊ ဩဂုတ် ၂၄ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၅ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၆ ရက်တွင် ကျပ် ၅၈၅၀၊ ဩဂုတ် ၂၇ ရက် ကျပ် ၅၇၀၀၊ ဩဂုတ်လ ၂၈ ရက်တွင် ကျပ် ၅၇၀၀၊ ဩဂုတ်လ ၂၉ ရက် (ယနေ့)တွင် ကျပ် ၅၆၀၀ သို့ ပြန်ကျခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *