September 19, 2024

၂၉. ၈. ၂၀၂၄
Written by Nyein Kyaw

မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် Ongo mobile money ဝန်ဆောင်မှုလုပ်ငန်းများအား တရားဝင်ဖျက်သိမ်းပြီးဖြစ် ကြောင်း ဩဂုတ်လ ၂၈ ရက် (ယမန်နေ့)တွင် ကြေညာထားပြီး ရပ်ဆိုင်းမည့် ရက်အတိအကျကို ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ် (MOB) မှ သိရသည်။

မြန်မာအရှေ့တိုင်းဘဏ်အနေဖြင့် Ongo mobile money ဝန်ဆောင်မှုလုပ်ငန်းအား Ronoc Myanmar Limited နှင့် ၂၀၁၆ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း နှစ်ဦးသဘောတူ ရပ်စဲထားပြီးဖြစ်ကြောင်းနှင့် Ongo mobile money ဝန်ဆောင်မှုအား တရားဝင်ဖျက်သိမ်းပြီးဖြစ်ကြောင်းကို အများပြည်သူများသိရှိစေရန် အသိပေးထားသည်။

“အခုလောလောဆယ်ကတော့ ဗဟိုဘဏ်တို့ ဘာတို့နဲ့ ညှိနှိုင်းတုန်းရှိသေးတယ်။ ဘယ်နေ့ကနေစပြီး ရပ်စဲမယ်ဆိုတဲ့ ရက်အတိအကျနဲ့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ထုတ်ပြန်ပေးပါမယ်” MOB ဘဏ်မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ Ongo mobile money ဝန်ဆောင်မှုအား လက်ရှိအသုံးပြုနေသူများအနေဖြင့် ဆက်လက်အသုံးမပြုရန်နှင့် ထည့်သွင်းထားသည့် ငွေသားများအား ပြန်လည်ထုတ်ယူထားရမည်ဖြစ်ပြီး ထုတ်ယူရန်ကျန်ရှိသည့် ငွေစာရင်းများနှင့်ပတ်သက်ပြီးလည်း ပြန်လည်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ APP နဲ့ ဆက်တော့မလုပ်နဲ့တော့။ ထုတ်လို့ရတာကို ထုတ်ထားပေါ့။ ကျန်တာကိုတော့ Customer တွေကို ပြန်ပြီးတော့ရှင်းပေးပါမယ်” ဟု ၎င်းက ပြောသည်။

Ongo mobile money App နှင့် အေးဂျင့်ဆိုင်များတွင် Aeon ဘေလ်၊ Canal+ ဘေလ်၊ Solar Home ဘေလ်၊ Oway ဘေလ်၊ ERCL ဘေလ်များကို ဆောင်ရွက်နိုင်ကြောင်း သိရပြီး အဆိုပါ Ongo mobile money မှ ကြေညာထားသော ဆက်သွယ်ရမည့် ဖုန်းနံပါတ် ၅ ခုလုံးမှာလည်း လက်ရှိတွင် ဆက်သွယ်၍မရဘဲ စက်များပိတ်ထားသည်ကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *