September 19, 2024

၂၉. ၈. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်ချက်လုပ်ထားတဲ့ အရက်ပုန်းတွေကို သောက်သုံးမိတာကြောင့် သေဆုံးသူ ခြောက်ဦးအထိရှိသွားပြီး အများအပြား အရက်အဆိပ်သင့် ဝေဒနာခံစားခဲ့ကြရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဩဂုတ်လ ၂၆ ရက်က ပြောခဲ့ပါတယ်။

ဘန်ကောက်မြို့တော်မှာဆိုရင် အရက်ပုန်းသောက်သူတွေဟာ မီသနောနဲ့ အိုင်ဆိုပရိုပနောလ်လို ဓာတုပစ္စည်းတွေပါတဲ့ တရားမဝင်အရက်တွေကို လမ်းဘေးအရက်ဆိုင်တွေက ဝယ်ယူသောက်သုံးခဲ့ကြတာမှာ အရက်အဆိပ်သင့်တဲ့လက္ခဏာတွေဖြစ်တဲ့ မူးဝေလာခြင်း၊ အသက်ရှုရခက်ခဲခြင်းနဲ့ အော့အန်ခြင်းစတဲ့ လက္ခဏာတွေ စတင်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၂၇ ရက်အထိ အရက်ပုန်းသောက်သုံးမှုကနေ အသက် ၂၂ နှစ်မှ ၆၉ နှစ်ကြား လူ ၃၄ ဦး ဆေးရုံတင်ထားရတယ်လို့လည်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsutin က ပြောခဲ့ပါတယ်။ အရက်အဆိပ်သင့်ခံရသူတွေအနက် ၁၅ ဦးက အသက်ရှုကိရိယာတပ်ထားရပြီး ၂၂ ဦးကတော့ ကျောက်ကပ်ဆေးဖို့လိုမှာဖြစ်ကာ ၂၁ ဦးက မျက်စိအမြင်အာရုံ မသဲကွဲဖြစ်နေရတယ်လို့လည်း သိရပြန်ပါတယ်။ ရှစ်ဦးကိုတော့ ဆေးရုံဆင်းခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ပွားလာမှုတွေကြောင့် အာဏာပိုင်တွေက စုံစမ်းမှုတွေပြုခဲ့ရာမှာ မြို့တော်ဘန်ကောက်ရဲ့ ဆာဖန်ဆန်ခရိုင်မှာရှိတဲ့ ဖာထရာဆာ အမည်ရှိ အရက်ပုန်းချက်လုပ်ရောင်းချတဲ့ အမျိုးသမီးတစ်ဦးရဲ့ အိမ်ကို ခြေရာခံမိခဲ့ကြပါတယ်။

ဖာထရာဆာက သူနဲ့သူ့မိသားစုဟာ ကွယ်လွန်ပြီးဖြစ်တဲ့ ဖခင်ဖြစ်သူလက်ထက်ကတည်းက အသုံးပြုခဲ့တဲ့ အရက်ချက်နည်းကိုအသုံးပြုပြီး ဆေးဖက်ဝင်တဲ့အရက်ပုန်းချက်အရက်တွေရောင်းခဲ့တာမှာ ဆယ်စုနှစ်တွေကြာတဲ့အထိ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပါဘူးလို့ ဆိုပါတယ်။သူမက အရက်ပုန်းချက်ရာမှာ သဘာဝပစ္စည်းတွေကိုသာသုံးပြီး မီသနောမပါဝင်ပါဘူးလို့လည်း အခိုင်အမာငြင်းခဲ့ပါတယ်။

ဩဂုတ်လ ၂၆ ရက်က လုပ်ခဲ့တဲ့သတင်းစာရှင်းပွဲမှာတော့ ဖာထရာဆာက “ပြီးခဲ့တဲ့တစ်နှစ်လောက်က ကျွန်မအတွက် ဆန်ကချက်တဲ့ ချက်အရက်ရဖို့ ညီအစ်ကိုနှစ်ယောက်ဆိုတဲ့ လူနှစ်ယောက်ကို ငှားခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ကျွန်မဖောက်သည်တွေက အရက်ရဲ့အရသာ ပြောင်းသွားတယ်၊ အားပျော့ပြီး အမြှုပ်တွေတက်နေတယ်လို့ဆိုတာနဲ့ သူတို့နှစ်ယောက်ကိုခေါပြီး ချက်လုပ်တာမှာ ပါဝင်ပစ္စည်းတွေပြောင်းခဲ့သလားမေးတော့ သူတို့ကမလုပ်ပါဘူး၊ အရသာပိုကောင်းအောင်လုပ်ခဲ့ပါတယ်လို့ပဲ ပြောခဲ့ကြတယ်။ ကျွန်မကိုယ်တိုင် စမ်းသောက်ကြည့်တော့ ဝမ်းတွေသွားခဲ့တယ်။ နောက်သောက်သုံးသူတစ်ယောက်သေဆုံးခဲ့တယ်ဆိုတော့ကျွန်မ အရမ်းတုန်လှုပ်မိပါတယ်။ ကျွန်မအနေနဲ့ ရိုးရိုးသားသားပဲ ရောင်းချလာတာဆိုတော့ ဒီလိုဖြစ်မယ်လို့ မယုံကြည်မိဘူး။ ကျွန်မမှာအပြစ်ရှိပါတယ်။ ဒီလိုဖြစ်ရပ်တွေအတွက်လည်း ဝမ်းနည်းတောင်းပန်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ဖာထရာဆာက သူမအနေနဲ့ တစ်စုံတစ်ဦးကို သေစေလိုသောဆန္ဒနဲ့ ခုလိုမမှန်မကန်ရောင်းချခဲ့တာမဟုတ်ရဘဲ သေဆုံးသူတစ်ဦးဆိုလျှင် သူမနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးပင်ဖြစ်ပါတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အရက်ပုန်းချက်လုပ်တဲ့ ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ အသက် ၄၆ နှစ်ရှိ ဆူရာဆက် အင်ဆမ်နဲ့ အသက် ၄၄ နှစ်ရှိ ဆူရာချိုင်း အင်ဆမ်တို့ကိုလည်းဖမ်းခဲ့ကာ သူတို့က အရက်ပုန်းချက်ရာမှာ အရက်ပါဝင်မှုလျော့ကျစေဖို့ အက်တနောလ်ပိုမိုထည့်ပြီး ချက်ခဲ့တယ်လို့ ဝန်ခံခဲ့ကြပါတယ်။

Ref- Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *