September 19, 2024

၂၉. ၈. ၂၀၂၄
Written by Nyein Kyaw

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းတင်ပို့ရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်သုံးလအတွင်း မျှော်မှန်းထားသောပမာဏ၏ ရာခိုင်နှုန်း ၂၀ ကျော်သာ တင်ပို့ထားနိုင်သေးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့်တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ဧပြီလမှ ဇွန်လအထိ သုံးလအတွင်း ရော်ဘာတန်ချိန် ၆၂၀၀၀ ကျော် ( မျှော်မှန်းပမာဏ၏ ရာခိုင်နှုန်း ၂၀ ကျော်) တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၈၇ သန်းရရှိထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရော်ဘာစိုက်ပျိုးဧက ၁ ဒသမ ၆ သန်းကျော်ရှိသည့်အနက် ထုတ်လုပ်နိုင်သည့် ဧကပေါင်း ရှစ်သိန်းခွဲကျော်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန်လေးသိန်းခန့် ထွက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ရော်ဘာကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဓိကထုတ်လုပ်လျက်ရှိပြီး အသေးစားလုပ်ငန်း ခြံငယ်ရှင်လုပ်ငန်းအရေအတွက် ၉၂ ရာခိုင်နှုန်းရှိကာ အလတ်စားလုပ်ငန်း ခြံကြီးရှင် ရှစ်ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသောရော်ဘာများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်တို့အပြင် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် အခြားသောနိုင်ငံများကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *