September 19, 2024

၂၉. ၈. ၂၀၂၄
Written by Hey Mar

ဆီတိုးတဲ့ လူတန်းရှည်ကြီးကို သက်သာစေဖို့ အစိုးရက သမဝါယမစနစ် ဖော်ဆောင်ဖို့ ကြိုးစားပေမယ့် စနစ်ကို ထဲထဲဝင်ဝင်အကောင်အထည်ဖော်ရမယ့် အောက်ခြေကသူတွေရဲ့ အလွဲတွေကြောင့် ပြည်သူတွေမှာ ပိုပင်ပန်းခက်ခဲစေဖို့ ဖြစ်လာမယ်လို့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူက သူ့အမြင်ကို ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စားအုန်းဆီအရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ အရင်ကလို တန်းစီတိုး ဦးရာလူစနစ်မဟုတ်တော့ဘဲ ဆီထုတ်စာအုပ်တွေနဲ့ ဝယ်ယူဖို့အတွက် စာအုပ်လုပ်ဖို့ သန်းခေါင်စာရင်းမိတ္တူ ရပ်ကွက်ရုံးတွေကို ပေးပို့ လျှောက်ထားနေရပါတယ်။ လက်ရှိအချိန်အထိတော့ လျှောက်ထားဆဲ အခြေအနေမှာပဲ ရှိနေပြီး ပြည်သူလက်ထဲ စာအုပ်တော့ မရောက်သေးဘူးလို့ သိရပါတယ်။

စာအုပ်လုပ်တဲ့အခါ ရပ်ကွက်ဥက္ကဋ္ဌဆီကို အိမ်ထောင်စုစာရင်းမိတ္တူ နှစ်စောင်နဲ့ သွားရပါတယ်။ တစ်စောင်မှာ တံဆိပ်တုံးထုပေးလိုက်ပြီး ဖုန်းနံပါတ်ရေးပေးလိုက်‌ ကြောင်း၊ အဲ့ဒီတံဆိပ်တုံးနဲ့ မိတ္တူကို ဆီဆိုင်မှာ ထပ်ထားရ‌ကြောင်း၊ အဲဒီကနေမှ ဆီဆိုင်က စိစစ်ပြီး ဆီထုတ်ခွင့်စာအုပ်တွေ ထုတ်ပေးကြောင်း၊ အဲဒီစာအုပ်နဲ့မှ ဆီတစ်ခါလာထုတ်ရင် အိမ်ထောင်တစ်စုကို လစဉ် သို့မဟုတ် ရက်သတ္တပတ်အလိုက် တစ်အိမ်ထောင်ကိုတစ်လ ၂ ပိဿာနှုန်း ဝယ်ယူရရှိမှာလို့လည်း ဆင်ခြေဖုံးရပ်ကွက်တချို့မှာ နေထိုင်သူတွေထံက သိရပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၁၂) ရပ်ကွက်မှာ နေထိုင်သူ အမျိုးသားတစ်ဦးက “သန်းခေါင်စာရင်း မိတ္တူကိုင်သွားဝယ်ရတာ‌‌ တစ်ပတ်လောက်ရှိပြီ။ ၃ ရက်တစ်ခါ ၅၀ သား ထုတ်ပေးတယ်။ ကိုယ့်ရပ်ကွက်က ဆိုင်မဖွင့်ရင် သူများရပ်ကွက် သွားတန်းစီရတယ်။ သူ့ရပ်ကွက်ပြီးလို့ ပိုရင်တော့ ပေးမယ်ပေါ့။ ရမရတော့မသေချာဘူး။ အရင်ကတော့ ဒီတိုင်းပဲ ဝင်တိုးပြီးဝယ်နေကြတာပဲ။ အခုက စာအုပ်နဲ့ လုပ်တာကို။ ဘာလို့လဲလို့ ဆိုင်ကို မေးကြည့်တော့ သူရတဲ့ဆီနဲ့ လာဝယ်တဲ့ လူအုပ်နဲ့က မလောက်ဘူးပေါ့။ ဒါကြောင့်မို့ ရပ်ကွက်အိမ်ထောင်စုအလိုက် ထိထိရောက်ရောက် ဖြစ်စေချင်လို့ လို့တော့ ပြောတာပဲ။ ဒါပေမယ့် ငါတို့ဘက်မှာ စားအုန်းဆီ အပြင်ဆိုင်ဈေးက တစ်ပိဿာ ကျပ် ၂၀၀၀၀ ဖြစ်နေပြီ”လို့ ဆီဝယ်ယူရတဲ့ အခြေအနေကို ပြောပြပါတယ်။

အရင်က ဆီတင်သွင်းခွင့်ကို ရရှိထားတဲ့ ကုမ္ပဏီက ဒေါ်လာသွင်းပြီး ဝယ်ယူ ဖြန့်ဖြူးရာမှာ မြို့နယ်တစ်ခုအတွက် လူဦးရေအလိုက်တွက်ချက်ကာ ဆီပေပါတွေကို ချပေးတာက ပြည်သူတွေဆီ တစ်ဝက်လောက်သာ စားအုန်းဆီအဖြစ်‌ရောက်ရှိပြီး ကျန်ဆီတွေက စားအုန်းဆီအသွင်‌ပြောင်း ပဲဆီလုပ်ကိုင်သူတွေဆီ ရောက်ရှိသွားတာလို့ မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူကဆိုပါတယ်။ အရင်က ဈေးထဲ အစိုးရဈေးနဲ့ ဆီရောင်းပေးတဲ့ ဆိုင်လေးဆိုင်ရှိရင် လေးဆိုင်စလုံးမှာ အလုအယက် ဝင်တန်းစီကြပါတယ်။ အစိုးရဈေး ဆီငါးဆယ်ကျပ်သားကို ၃၅၀၀ ကျပ် ဝန်းကျင်ဆိုရင် အပြင်မှာ လက်လွှဲ ပေါက်ဈေးထက်လျှော့ပေါ့ ပြန်ရောင်းကြပါတယ်။ တချို့လည်း ဆီတန်းစီ ထုတ်ရင်း အလုပ်အကိုင်အခွင့်အလမ်းတစ်ခုလို ဒီကာလ ဖြတ်သန်းကြပေမယ့် အခြေခံလူတန်းစားရဲ့ ဒီလုပ်ရပ်က ဆီဈေးကွက်ကို ဘယ်အတိုင်းအတာအထိ လှုပ်ခတ်နိုင်မှာလဲလို့ သူက ထောက်ပြပါတယ်။

“အစိုးရက ကောင်းစေချင်တဲ့ စေတနာနဲ့ လုပ်တဲ့စနစ်ပါပဲ။ အိမ်တိုင်းမှာ ဆီထုတ်လို့ ရတဲ့ စာအုပ်လေးတွေ လုပ်ပေးမယ်ပေါ့။ အဲ့ဒီလို ပေးမယ့်စနစ်က ကျွန်တော်မြင်တာတော့ အရင်ထက် ပိုဆိုးသွားမယ်။ ဘာလို့ဆို ဒီကုမ္ပဏီကပဲ ပြန်ကိုင်တာမို့လို့။ သမစနစ်နဲ့ သွားမယ်ဆိုရင် ရပ်ကွက်အလိုက်မှာ လက်ခွဲပြန်ထားပေးရမယ်။ သူကတစ်ဆင့်ပြန်ခွဲမှသာလျှင် လူအုပ်ကြီးနဲ့တိုးတဲ့ စနစ်က လျော့သွားမယ်။ လူတွေက အခု ဘာဖြစ်လာလဲဆိုရင် စိတ်ဓာတ်တွေ ကျလာတယ်။ ရပ်ကွက်ရုံးမှာ သန်းခေါင်စာရင်း ထပ်ရတာကိုပဲ ကြိတ်ကြိတ်တိုးပြီး ထပ်နေရတယ်။ ပြီးရင်တစ်ခါ ဆီဆိုင်မှာ သွားထပ်ရပြန်တယ်။ လူတွေက သူရမယ့်ဆီနဲ့ လာရမယ့်လမ်းကြောင်းနဲ့ ဘယ်လိုမှမဖြစ်နိုင်တော့ သွားမထုတ်ဖြစ်တော့ဘူး။ တကယ်လိုတဲ့ အခြေခံလူတန်းစားက ဈေးကြီးပေးဝယ်စားရပြန်ရော။ အစိုးရကတော့ ကောင်းစေချင်လို့ လုပ်တာအောက်က အကောင်အထည်ဖော်သူတွေက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ လုပ်နေကြတာ “လို့ သူ့အမြင်ကို ပြောပါတယ်‌။

အစိုးရ ဆီဖြန့်ဖြူးတဲ့ ပုံစံက လူတစ်ဦးကို တစ်ရက် ဘယ်လောက်သားနှုန်း ဆိုပြီးတွက်ချက်ကာ ဆီပေပါကို မြို့နယ် လူဦး‌ရေအလိုက် ချပေးတာပါ။ ဒါပေမယ့် လူဦးရေနှစ်သိန်းကျော်‌ရှိတဲ့ မြို့နယ်မှာ ငါးသောင်းလောက်ပဲ အဲ့ဒီ့ဆီကို ဝယ်ယူရရှိကြပြီး ကျန်တဲ့ လေးပုံ သုံးပုံခန့်က သူတို့ရမယ့် ဆီပမာဏ တန်းဆီရမယ့်အချိန်၊သွားလာရမယ့် အခြေအနေတွေ ချင့်ချိန်ပြီး ဈေးထဲကနေပေါက်ဈေးထက်မြင့်တဲ့ ဈေးတွေနဲ့ ဝယ်ယူစားသုံးရတာလည်း ရှိပါတယ်။

အခုလက်ရှိမှာတော့ ဆီထုတ်ဖို့ စာအုပ်မရသေးခင် စပ်ကြား သန်းခေါင်စာရင်းနဲ့ ဝယ်ယူနေရတာ တစ်ပတ်ခန့်ရှိပြီဖြစ်ကာ တစ်ဦးကို ကိုတာ ၅၀ ကျပ်သား ၃ရက်တစ်ကြိမ်ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူက “ဒီ့ပြင်ကိစ္စတွေတော့ ကျွန်တော် မသုံးသပ်လိုဘူး။ ဒီဆီကိစ္စမှာတော့ အစိုးရက ကောင်းဖို့ လုပ်တာသေချာတယ်။ ကုမ္ပဏီဆိုတဲ့လူတွေကလဲ ဝိတ်တွေနဲ့ပဲလေ။ လေးပုံတစ်ပုံလောက်ပဲ ပြည်သူဆီရောက်ပြီး ကျန်တဲ့ လေးပုံ သုံးပုံလောက်က ပျောက်သွားတယ်။ ဒါက ဘယ်လို လုပ်လုပ် မပပျောက်နိုင်တဲ့အခြေအနေတွေပေါ့ “လို့ MT News ကို ပြောပါတယ်။

ပုံစာ။ ဆီဝယ်ယူရန် ထုတ်ပေးထားသော ဆီထုတ်ကတ်။

Leave a Reply

Your email address will not be published. Required fields are marked *