September 19, 2024

၂၉. ၈. ၂၀၂၄
Written by Thettant

ခိုင်ရွှေဝါမှတ်တိုင်အနီးက လှည်းတန်းကုန်းတံတားကို အခုညသန်းခေါင်အချိန်မှာ Honda Fit ယာဥ်က အရှိန်လွန်ဝင်တိုက်မိမှုဖြစ်ပွားတာကြောင့် နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး ၃ ဦးက စိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ည သန်းခေါင်မတိုင်မီ ၁၁ နာရီ ၄ မိနစ် အချိန်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ (၁၅)ပေ ကုန်းတံတားအောက်မှာ Honda Fit ယာဉ်ဟာ တံတားအုတ်ဘောင်ကို ဝင်တိုက်ပြီး လူညပ်နေတာကြောင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးငြိမ်းသတ်ယာဥ်၊ စမ်းချောင်းမြို့နယ်အရန်မီးသတ်စခန်း(ရဲသူရိန်) တို့ ထွက်ခွာကူညီရာမှာ ယာဥ်တိုက်မှုကြောင့် အမျိုးသား နှစ်ဦးက ကားအတွင်း သေဆုံးနေပြီး အမျိုးသား သုံးဦးကတော့ စိုးရိမ်ရ ပြင်းထန်ဒဏ်ရာတွေရခဲ့တာလို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

“ဝင်တိုက်တဲ့အရှိန်က တော်တော့်ကိုပြင်းတာ။ ဖြစ်တာက လှည်းတန်းကုန်းတံတားကို ခိုင်ရွှေဝါမှတ်တိုင်အကျော်က အိမ်တွေတောင် ကြားလိုက်ရတယ်။ ကုန်းတံတားကလည်း တစ်ဆစ်ချိုးကွေ့လိုမျိုးဖြစ်နေတာရယ်၊ ကားပေါ်ကလူတွေကလည်း အရက်မူးနေတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် တစ်ဆစ်ချိုးအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲတိုက်တယ်လို့ ထင်ပါတယ်။ ရှေ့က ဒရိုင်ဘာကလည်း စိုးရိမ်ရတယ်။ ဒရိုင်ဘာဘေးကတစ်ယောက်နဲ့ နောက်ခန်းက သုံးယောက်ထဲက တစ်ယောက်ကလည်း ဆုံးပါးသွားတာတွေ့တယ်။ နောက်ခန်းထဲက အခြားနှစ်ယောက်ကလည်း ဒဏ်ရာပြင်းထန်တယ်”လို့ ခိုင်ရွှေဝါမှတ်တိုင်အနီးက ဖြစ်စဥ်တွေ့မြင်သူက MT News ကို မေးမြန်းမှုအပေါ် သူမြင်တွေ့တဲ့ဖြစ်စဥ်ကို ကနဦးသိသမျှ ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုအနာဂတ်အလင်းတန်း(စမ်းချောင်း) ပရဟိတအဖွဲ့ကလူနာ ၁ ဦး၊ စမ်းချောင်းအရန်မီးသတ်က ကွယ်လွန်သူတစ်ဦးနဲ့လူနာ ၁ ဦး၊ ရတနာအောင်ပရဟိတအသင်းက ကွယ်လွန်သူတစ်ဦး၊ လှည်းတန်းပရဟိတအသင်းက လူနာတစ်ဦး စုစု ပေါင်း ၅ ဦးကို အသီးသီးတင်ဆောင်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်(ရဲသူရိန်)က သိရပါတယ်။

ပုံစာ။ လှည်းတန်းကုန်းတံတားကို ယာဥ်ဝင်တိုက်မိမှုဖြစ်စဥ်မြင်ကွင်း (ဓာတ်ပုံ – စမ်းချောင်းအရန်မီးသတ် (ရဲသူရိန်))

Leave a Reply

Your email address will not be published. Required fields are marked *