September 19, 2024

၂၈. ၈. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စော်ဘွားရေရှင်ကျေးရွာအနီးက ဇိုလန်းရွာမှာ စာသင်ကျောင်းကို တပ်စခန်းချပြီး ဆေးခန်းဖွင့်ထားတဲ့ NUG လက်အောက်ခံ PDF တွေရဲ့ ဆေးခန်း မနေ့က ဩဂုတ် ၂၇ ရက်မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် PDF တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရတယ်လို့ ကနဦး သိရပါတယ်။

PDF တွေဟာ နေရာကျယ်ဝန်းပြီး အုတ်နံရံနဲ့ အခိုင်အမာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေကို အကာအကွယ်ယူ ခြေကုပ်စခန်း ဖွင့်လေ့ရှိတာကြောင့် PDF တွေကို နှိမ်နင်းတဲ့အခါမှာ ပညာရေးနဲ့ ဘာသာရေးဆိုင်ရာနေရာတွေပါ မလွှဲမရှောင်သာ ထိမှန်လေ့ရှိပြီး လက်ရှိ စာသင်ကျောင်းကို ခြေကုပ်ယူထားတဲ့ NUG ဆေးခန်းဟာလည်း မနေ့က မွန်းလွဲ ၃ နာရီလောက် ဗုံးကြဲခံရအပြီးမှာ PDF စုစုပေါင်း ၇ ဦးသေဆုံးထိခိုက်မှုအပြင် စာသင်ကျောင်းလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

“သတင်းပေးရှိတာကြောင့် တိုက်ခိုက်ခံရတာပါ။ ဒီဆေးခန်းက အရင်ကလည်း တိုက်ခိုက်ခံရတာကြောင့် နေရာရွှေ့ထားတာကို အခုလည်း ရွှေ့ထားတဲ့နေရာတည့်တည့် ဗုံးလာကြဲသွားတာ”လို့ ဖြစ်စဥ်သိရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MT News ကို ပြောပါတယ်။

စာသင်ကျောင်းကို ခြေကုပ်ယူပြီး ဆေးခန်းဖွင့်ထားတာကြောင့် ချေမှုန်းခံရတဲ့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ NUG ဘက်က သတင်းထုတ်ပြန်လာမှု မရှိသေးသလို MT News ကလည်း ဆက်လက်စုံစမ်းနေပါတယ်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *