September 19, 2024

၂၈. ၈. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်လေဆိပ်တွင် PV နိုင်ငံကူးလက်မှတ်များဖြင့် ပြည်ပထွက်ခွာမည့်သူများအား လိုအပ်သော အထောက်အထားများ စစ်ဆေးနေပြီး အထောက်အထားပြည့်စုံစွာဖြင့် အမှန်တကယ်သွားရောက် လည်ပတ်မည့်သူများကို ထွက်ခွာခွင့်ပြုနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။

ပြည်ပနိုင်ငံများသို့ အလည်အပတ် PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအချို့ကို ပြည်ပထွက်ခွာခွင့်မပြုဘဲ တားမြစ်ပြီး ပြန်လွှတ်ခြင်းများရှိနေခြင်းနှင့် PV နိုင်ငံကူးလက်မှတ်နှင့် ပထမဆုံးအကြိမ် ပြည်ပထွက်ခွာမည့်သူများအား ထောက်ခံပေးသူရှိမှသာ ပြည်ပထွက်ခွာခွင့်ပြုမည်ဆိုသော သတင်းများမှာ မှန်ကန်မှုရှိ/မရှိ မီဒီယာများ၏ မေးမြန်းမှုအား ပြည်ထဲရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Passport for Visit (PV)အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မည့်သူများကို သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ငယ်ဖြင့် စိစစ်လျက်ရှိကြောင်း၊ PV နိုင်ငံကူးလက်မှတ်ကိုင် နိုင်ငံသားများအနေဖြင့် အလည်အပတ်သွားရောက်ရန် လိုအပ်သော အပြန် လေယာဉ်လက်မှတ်၊ သွားရောက်လည်ပတ်မည့်နိုင်ငံတွင် တည်းခိုနေထိုင်မည့် Hotel Booking ၊ လည်ပတ်ရန် နေထိုင်စဉ်သုံးစွဲမည့် လုံလောက်သောငွေကြေး (Show Money)များ ပါရှိမှု ရှိ/မရှိ စိစစ်ပြီး အမှန်တကယ် အလည်အပတ်သွားရောက်မည့်သူများ၊ ပြည်ပနိုင်ငံများတွင် ဆေးကုသရန် သွားရောက်မည့်သူ/ ဆေးကုဖော်နှင့် လူမှုရေးကိစ္စဆောင်ရွက်မည့်သူတို့ကို ထွက်ခွာခွင့်ပြုလျက်ရှိကြောင်း ဖြေကြားထားသည်။

အလုပ်လုပ်ကိုင်မည့်သူများကို ပြည်ပတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားရယူကာ အလုပ်သမားဝန်ကြီး ဌာနတွင် အလုပ်သမားမှတ်ပုံတင်၍(OWIC)ကတ်ပြုလုပ်ပြီးမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြရန် ရှင်းလင်းပြောကြား၍ ပြန်လည်စေလွှတ်ခဲ့ကြောင်း ဖြေကြားထားသည်။

PV အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် ထွက်ခွာမည့်သူများကို ထောက်ခံပေးသူရှိပါက ပြည်ပထွက်ခွာခွင့်ပြုသည်ဆိုသည်မှာ မဟုတ်ပါကြောင်းနှင့် အမှန်တကယ် အလည်အပတ်သွားရောက်မည့်သူများ၊ ဆေးကုသရန်/ဆေးကုဖော်၊ လူမှုရေးကိစ္စဖြင့် သွားရောက်မည့်သူများကို ခွင့်ပြုပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားထားသည်။

အလည်အပတ်သွားရောက်ရန် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများကို သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားအခွင့်အရေးများရရှိရန် Passport For Job (PJ) အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားရယူ၍ အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် Overseas Worker Identification Card (OWIC) လျှောက်ထားရယူကာ တရားဝင် ပြည်ပထွက်ခွာအလုပ် လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသားများ သွားရောက်အလုပ်လုပ်ကိုင်မှုများသော စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်း စသည့်နိုင်ငံများသို့ PV အမျိုးအစား နိုင်ငံကူးလက်မှတ်ဖြင့် အလည်အပတ်အကြောင်းပြကာ ထွက်ခွာကြပြီး ယင်းနိုင်ငံများသို့ ရောက်ရှိချိန်မှသာ အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်သမားရေးကိစ္စများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖြေရှင်းရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၈ ၊ ပုဒ်မခွဲ(ဆ)ရှိ ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များတွင် “အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပအလုပ်အကိုင် သွားရောက်လုပ်ကိုင်ခြင်းမပြုစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း” ဟူ၍ လည်းကောင်း၊ ပုဒ်မခွဲ(ဈ)တွင် “အလုပ်သမားများအား ပြည်ပသို့ မထွက်ခွာမီ စုံစမ်းစစ်ဆေး၍ အဖွဲ့ငယ်၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ထွက်ခွာရန် မသင့်ကြောင်း တွေ့ရှိပါက ပိတ်ပင်ခြင်း” ဟူ၍ လည်းကောင်း၊ ပုဒ်မ ၉ ၊ ပုဒ်မခွဲ(က)တွင် “ပြည်ပအလုပ် အကိုင်ရှာဖွေသူသည် ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစား တစ်ခုခုကို ရှာဖွေခြင်းဖြစ်ပါက ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်” ဟု ပြဌာန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *