October 23, 2024

၂၆. ၁၂. ၂၀၂၂
Written by Naing Thuta

အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs ထုတ်ကုန်ပြပွဲကို မန္တလေးတွင် ယနေ့မှစပြီး သုံးရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်း၊ ၁၀၃ လမ်းနှင့် ၁၀၇ လမ်းကြား၊ မန္တလာသီရိအားကစားကွင်းရှိ ၇၃ လမ်း Gade-1 ဝင်ပေါက်တွင် ဒီဇင်ဘာ ၂၆ ရက် ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ထုတ်ကုန်ပြပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“နိုင်ငံနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအကြား ကဏ္ဍပေါင်းစုံပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိလာဖို့အတွက်လည်းပါသလို ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အလုပ်အကိုင်အခွင့်လမ်းရရှိလာအောင်လို့ ရည်ရွယ်ပြီးတော့ အခုလိုပွဲမျိုးကို ပြုလုပ်တာပါ”ဟုအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ဆိုသည်။

၎င်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဦးသိန်းဌေး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေး၊မန္တလေးတိုင်းဒေသကြီးစက်မှုဇုံစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လှနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးဌာနမှ ဝန်ထမ်းများ၊ မန္တလေးစက်မှုဇုံများမှ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိသည်။

MSMEs ထုတ်ကုန်ပြပွဲတွင် ပြခန်း ၁၄၄ ခန်း ပါဝင်ပြသနေပြီး ထိုပြပွဲအား ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ပြသထားမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *