September 19, 2024

၂၈. ၈. ၂၀၂၄
Written by Thettant

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးက ဝင်္ဂ​ဘော် ECBT ဆင်စခန်းမှာရှိတဲ့ အသက် ၂၁ နှစ်အရွယ် ဆင်မက​လေး ပုလဲစန္ဒာရဲ့ ပထမဆုံး​အကြိမ်မွေးဖွားခြင်းအ​နေနဲ့ ဩဂုတ် ၂၈ ရက် တနင်္လာ​နေ့မှာ ဆင်အမြွှာကလေး၂ ကောင်​ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

ဆင်အမြွှာမွေးဖွားမှုဟာ နံနက် ၃ နာရီ ၃၈ မိနစ်အချိန်မှာ ဆင်မကလေး(အကြီး) ပုလဲဆင့်နဲ့ နံနက် ၃ နာရီ ၄၂ မိနစ်အချိန်မှာ ဆင်ထီးကလေး(အငယ်) ကျော်ပုလဲ တို့​ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အမြွှာ ဆင်က​လေး မောင်နှမဟာ အရပ်အနည်းငယ်နိမ့်ပြီးနို့မမှီလို့ နို့စို့နိုင်ဖို့ ခုံ​လေးပြုလုပ်​ပေးထားရသလို မိခင်ဆင်မကြီးရဲ့ နို့တစ်မျိုးတည်းနဲ့ အမြွှာဆင် မောင်နှမ နို့မဝနိုင်လို့ Dumex step 2 ကို​ဖျော်ပြီး နို့ဗူးနဲ့ပါ တိုက်​ကျွေးပြုစု​နေရသလို မိခင် ဆင်မကြီးကိုလည်း အာဟာရပြည့်ဝပြီး နို့ထွက်​ကောင်း​စေဖို့ ဖြည့်စွက်စာ စပါးကို​ ကျွေး​ပေး​နေရတယ်လို့ သိရပါတယ်။

ဆင်မတွေ သားဖွားတဲ့အခါမှာ အမြွှာပူး‌မွေးဖွားတယ်ဆိုခြင်းက အလွန်ရှားပါးပြီး တွေ့ရခဲတယ်လို့ဆိုရမှာ ဖြစ်သလို ၁ ရာခိုင်နှုန်းအောက်သာ မွေးဖွားပြီး အမြွှာပူးမွေးရင်လည်း အသက်မရှင်တာ မိခင်ဆင်မသေဆုံးတာ ဖြစ်တတ်ပါတယ်။ လတ်တလောမှာလည်း ဆင်အမြွှာမွေးဖွားမှုအဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ညနေက ထိုင်းနိုင်ငံမှာ အသက် ၃၆ နှစ်ရှိ ဂျမ်ဂျူရီ အမည်ရှိတဲ့ အာရှဆင်မတစ်ကောင်ကတော့ ထူးထူးခြားခြားဆင်သားပေါက်နှစ်ကောင်ကို အမြွှာမွေးဖွားခဲ့တယ်လို့သိရပြီး ပထမဆုံးဆင်ထီးလေးကို မိခင်ဆင်မက လက်ခံပေမဲ့ ဒုတိယမွေးတဲ့ဆင်မလေးကိုတော့ မိခင်ဆင်မက လက်မခံဘဲ ရန်ပြုမှုရှိလို့ ခွဲထားရမှုရှိပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံက ဝင်္ဂဘော်ဆင်စခန်းမှာ မွေးဖွားတဲ့ ဆင်အမြွှာလေးမောင်နှမကိုတော့ မိခင်ဆင်မကြီးက ရန်မပြုသလို ထူးခြားပြီးချစ်စရာ​ကောင်းတဲ့ ဆင်အမြွှာလေးမောင်နှမ လာကြည့်ရင်း ဆင်စခန်းမှာ လာ​ရောက်အပန်း​ဖြေဖို့လည်း ဝင်္ဂ​ဘော် ဆင်စခန်းမိသားစုက ဖိတ်ခေါ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *