September 19, 2024

၂၈. ၈.၂၀၂၄
Translated by Thettant

ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီးမား​ပြည်နယ် ပါခ်ချောင်ခရိုင်၊ ချနတ်ခရိုင်ခွဲမှာ ထိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ ခလွန်ခနန်ချစ် အမြန်ရထားဘူတာရုံ ဥမင်လိုဏ်ခေါင်းပြိုကျမှုဟာ ဩဂုတ်လ ၂၅ ရက်ကူးစ နံနက် ၁ နာရီခန့်မှာဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူသုံးဦး ပျောက်ဆုံးနေမှုမှာ ပျောက်ဆုံးမြန်မာနိုင်ငံသားကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိထယးတယ်လို့ သိရပါတယ်။

ခလွန်ခနန်ချစ် အမြန်ရထား ဥမင်လိုဏ်ခေါင်းဟာ ထိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်မယ့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လိုဏ်ခေါင်းပြိုကျမှုဟာ ဥမင်အဝင်ပေါက်ကနေ ၃ ကီလိုမီတာနဲ့ ၄ ကီလိုမီတာကြားမှာ ဖြစ်ပွားခဲ့တာပါ။

မျက်မြင်သက်သေတွေရဲ့ အဆိုအရ တောင်စောင်းလမ်းကိုဖောက်လုပ်ချိန်မှာ မြေပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လု​ပ်ငန်းခွင်အတွင်းက ကြီးကြပ်ရေးမှူးရဲ့ကားအပါအဝင် မြေတူးစက်၊ ထရက်ကားတွေ ပိတ်မိကုန်တာဖြစ်ပြီး ဒီ ဥမင် လိုဏ်ခေါင်းပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ သုံးဦးကတော့ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ကြီးကြပ်ရေးမှုး Hu Xiang၊ မြေတူးစက်မောင်းနှင်သူ Tong Xin Lin နဲ့ အမည်မသိ မြန်မာနိုင်ငံသား ထရပ်ကားယာဉ်မောင်းတို့ဖြစ်ပါတယ်။

လိုဏ်ခေါင်းပြိုကျမှုကြောင့် ပျောက်ဆုံးနေသူသုံးဦးကို ကယ်ဆယ်ဖို့ရှာဖွေရာမှာ ကနဦး မြန်မာနိုင်ငံသားကိုတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ကားကိုတွေ့ရှိချိန်မှာ မြန်မာနိုင်ငံသားဆီက တုံ့ပြန်မှုရခဲ့တာကြောင့် ကယ်ထုတ်နိုင်ရေးကြိုးပမ်းနေသလို ရေနဲ့အစားအစာ၊ ဆေးဝါးအသင့်ပြင်ထားပြီး ဆေးရုံပို့ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေဆဲ တရုတ်နိုင်ငံသားနှစ်ဦးဟာလည်း အသက်ရှင်နေသေးတဲ့ တုံ့ပြန်မှုတွေ ရရှိထားတာကြောင့် ဆက်လက်တူးဖော်နေပါတယ်။

ပြိုကျတဲ့ ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းဟာ ၂၀၁၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်မှာ ၂၀၂၆ ခုနှစ်မှာ ဘန်ကောက်မြို့ကနေ နခွန်ရက်ချာစီးမားပြည်နယ်ကို ဆက်သွယ်ဖို့ ရည်မှန်းထားပါတယ်။ အဆိုပါစီမံကိန်းဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမြှင့်တင်ဖို့နဲ့ မဲခေါင်ဒေသတွင်းနိုင်ငံတွေကြား ကုန်သွယ်မှု ချိတ်ဆက်မှုအားကောင်းစေဖို့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာမှာဖြစ်သလို တရုတ်ပိုးလမ်းမစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်လာမှာဖြစ်ပြီး တရုတ်နဲ့ထိုင်း အင်ဂျင်နီယာတွေ ပူးပေါင်းဆောက်လုပ်နေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပိတ်မိနေသူသုံးဦးကို ကယ်တင်နိုင်ဖို့ တရုတ်နိုင်ငံက ဥမင်လိုဏ်ခေါင်းတူးဖော်ကယ်ဆယ်ရာမှာ ကျွမ်းကျင်သူတွေ စေလွှတ် ကူညီပေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *