September 19, 2024

၂၈. ၈. ၂၀၂၄
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလီဗန်ကို ဩဂုတ်လ ၂၇ ရက်က ဘေကျင်းမြို့မှာ လက်ခံ တွေ့ဆုံခဲ့ခြင်းအားဖြင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်သွယ်ရေးအဆင့်သစ်တစ်ရပ်ကို ဖွင့်လှစ်ခဲ့တယ်လို့ တရုတ်အစိုးရ နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ဝမ်ယိက တွေ့ဆုံ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြီးအကဲတွေ ဆန်ဖရန်စစ္စကိုမြို့မှာ ရခဲ့ကြတဲ့ ဘုံနားလည်မှုတွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့က နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက်ဆက်သွယ်ရေးအဆင့်သစ်ရဲ့အဓိကလုပ်ငန်းလို့ ပြောသွားခဲ့ပါတယ်။

ဒါ့ပြင် ဝမ်ယိက ဆူလီဗန်ရဲ့တရုတ်နိုင်ငံသို့ အလည်ခရီးကို ကြိုဆိုပါတယ်လို့ပြောခဲ့ပြီး နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံမှုတွေက တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံစလုံးအတွက်အရေးပါကာ ကမ္ဘာ့ရေးရာတွေမှာပါ ပတ်သက်မှုတွေရှိတယ်လို့ ဆိုခဲ့ပါတယ်။

သူက ပြီးခဲ့တဲ့နှစ်တွေအထဲမှာ တရုတ်နဲ့အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ ရှုတ်ထွေးလှည့်စားမှုတွေနဲ့ ပြည့်ဝနေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဝမ်ယိက တရုတ်သမ္မတရှီကျင့်ဖိန်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ရဲ့ မဟာဗျူဟာမြောက်လမ်းညွှန်မှုအောက်မှာ နှစ်နိုင်ငံစလုံးဟာ ဘာလီထိပ်သီး ဆွေးနွေးပွဲနဲ့ ဆန်ဖရန်စစ္စကိုမြို့ ခရီးစဉ်တို့မှာ သဘောတူညီချက်ရခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် နှစ်နိုင်ငံအကြီးအကဲတွေ ဆန်ဖရန်စစ္စကိုမြို့မှာရခဲ့ကြတဲ့ ဘုံနားလည်မှုတွေအတိုင်း အကောင်အထည် ဖော်နိုင်ဖို့က နှစ်နိုင်ငံစလုံးမှာတာဝန်ရှိတယ်လို့လည်း ဝမ်ယိ ကဆိုခဲ့ပါတယ်။

ဆူလီဗန် ကလည်း သူ့အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ပထမဆုံးလာရောက်ရတာကို အထူးဝမ်းမြောက်မိပြီး တရုတ်နိုင်ငံဘက်က အလေး ထားဆောင်ရွက်တဲ့အစီအစဉ်တွေအတွက်လည်း အထူးကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး သူက သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့လည်း အမေရိကန်-တရုတ်ဆက်ဆံရေးအတွက် တာဝန် သိသိဆောင်ရွက်သွားမှာဖြစ်ပြီး နှစ်နိုင်ငံဘုံအကျိုးစီးပွားအတွက် နှစ်ဖက်အတူတူလုပ်ကိုင်ကြမယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးမှာ ပဋိပက္ခ ဖြစ်စရာမရှိဘူးလို့ အာမခံပါတယ်လို့လည်း ပြောခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ဆူလီဗန်က မဟာဗျူဟာမြောက်ဆက်သွယ်ရေးကတစ်ဆင့် ကျယ်ပြန့်လှတဲ့ကိစ္စရပ်တွေအတွက် တရုတ်နိုင်ငံဘက်နဲ့ အပြု သဘောဆောင်တဲ့ဆွေးနွေးပွဲတွေပြုလုပ်သွားနိုင်ကာ နှစ်နိုင်ငံ အကြီးအကဲတွေရဲ့ ဘုံနားလည်မှုတွေကို အကောင်အထည်ဖော်နိုင်ဖို့သူ့အနေနဲ့ မျှော်လင့်ပါတယ်လို့ ဆိုသွားခဲ့ပါတယ်။

ဒါကြောင့် ဝမ်ယိနဲ့ ဆူလီဗန်တို့ရဲ့ဆွေးနွေးပွဲအရ နှစ်နိုင်ငံစလုံးအနေနဲ့ ရရှိထားတဲ့ ဘုံနားလည်မှုသဘောတူညီချက်တွေကို ဆက်လက်ထိန်းသိမ်းကာ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့ ဆောင်ရွက်လိုကြတယ်လို့ သုံးသပ်ရနိုင်ပါတယ်။

Ref- Xinhua

Leave a Reply

Your email address will not be published. Required fields are marked *