September 19, 2024

၂၈. ၈. ၂၀၂၄
Translated by Thettant

မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Ken Salazar ဟာ မကြာသေးမီရက်ပိုင်းက မက္ကဆီကို တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ စပ်လျဉ်းတဲ့ ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ မက္ကဆီကိုနိုင်ငံဘက်က မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ဆက်ဆံရေးကို ဆိုင်းငံ့လိုက်တယ်လို့ မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က ဩဂုတ် ၂၇ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မက္ကဆီကိုအစိုးရက ဖော်ဆောင်တဲ့ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်တွေဟာ ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်ပြီး မြောက်အမေရိကစီးပွားရေး ပေါင်းစည်းမှုကို ဆုတ်ယုတ်စေတယ်လို့ ဩဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Ken Salazar က ဝေဖန်တဲ့အပေါ် မက္ကဆီကိုနိုင်ငံက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“မက္ကဆီကိုနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ သူတို့ သင်ယူရမယ်။ ဒါက အသေးအဖွဲကိစ္စ မဟုတ်ဘူး” လို့ မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် Salazar ရဲ့ ပြောဆိုပြုမူမှုဟာ ရိုင်းစိုင်းပြီး စိတ်မကောင်းဖွယ်ဖြစ်သလို အမေရိကန်ရဲ့ အမေရိကတိုက်မှာ ကာလရှည်ကြာ ကျင့်သုံးခဲ့တဲ့ စွက်ဖက်ရေးမူဝါဒကို ထင်ဟပ်စေတယ်လို့ မက္ကဆီကို သမ္မတက ဆက်လက်ပြောခဲ့ပေမဲ့ Ken Salazar ကို နှင်ထုတ်မှာမဟုတ်သလို မက္ကဆီကိုနဲ့ အမေရိကန်အစိုးရကြားက နှစ်နိုင်ငံဆက်ဆံရေးကိုတော့ ဆက်လက်ထိန်းသိမ်းထားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အမေရိကန်က မက္ကဆီကို မူးယစ်ဆေးခေါင်းဆောင် El Mayo Zambadar ကို လုပ်ကြံသတ်ဖြတ်ပြီးချိန်မှာ ဖြစ်ပေါ်လာခဲ့တာဖြစ်သလို နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ ရွေးကောက်ပွဲကို ဇွန်လ ၂ ရက်က ကျင်းပခဲ့ပြီး Morena ပါတီ ပါဝင်တဲ့ မဟာမိတ်အဖွဲ့ဟာ လွှတ်တော်အသစ်မှာ အမတ်နေရာအများစုရထားတာကြောင့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အတည်ပြုလုပ်ဆောင်ဖို့ ကြိုးပမ်းမယ်လို့ ဩဂုတ် ၇ ရက်မှာ Lopez က ထောက်ပြပြောဆိုခဲ့သလို ဒီတစ်ကြိမ် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာ တရားသူကြီး ရွေးကောက်ပွဲနဲ့ ဌာနပြင်ဆင်ဖွဲ့စည်းမှု စတဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံ ၂၀ ပါ၀င်ပါတယ်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေဟာ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့နဲ့ တရားစီရင်ရေးစနစ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာမှာ အထောက်အကူပြုမယ်လို့ မက္ကဆီကို သမ္မတက ယူဆထားပေမယ့်လည်း တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကို ဆုတ်ယုတ်စေနိုင်တယ်လို့လည်း ဝေဖန်ခံနေရပါတယ်။

လက်ရှိ မက္ကဆီကိုသမ္မတဟာ အောက်တိုဘာ ၁ ရက်မှာ အာဏာသက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပထမဆုံးရွေးကောက်ခံအမျိုးသမီးသမ္မတ Claudia Sheinbaum ကို အာဏာလွှဲပေးရမှာဖြစ်သလို Andres Manuel Lopez Obrador ရဲ့ တင်းမာတဲ့လုပ်ဆောင်မှုဟာ Claudia Sheinbaum အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မယ်လို့လည်း မှတ်ချက်ပြုမှုတွေ ရှိနေပါတယ်။

Ref , Xinhua & AP

Leave a Reply

Your email address will not be published. Required fields are marked *