September 19, 2024

၂၈. ၈. ၂၀၂၄
Translated by Htwe Ko Tun

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၏ Jalan Masjid India လမ်းပေါ်တွင် အသက် ၄၈ နှစ်ရှိ ကမ္ဘာလှည့်ခရီးသွား အိန္ဒိယနိုင်ငံသားအမျိုးသမီးတစ်ဦးမှာ ဩဂုတ်လ ၂၃ ရက်က လမ်းလျှောက်လာနေစဉ် ပလက်ဖောင်းပြိုပျက်ကျကာ မြေအောက်တွင်းနက်ကြီးတစ်ခုထဲသို့ ကျရောက်ပျောက်ဆုံးနေမှု ဖြစ်ခဲ့ရပြီး ငါးရက်အကြာ ဩဂုတ်လ ၂၈ ရက် နံနက်အစောပိုင်းနာရီများက အဆိုပါလမ်းပေါ်တွင်ပင် ဒုတိယမြောက်တွင်းနက်ကြီးတစ်ခု ထပ်မံဖြစ်ပေါ်လာခဲ့ရပြန်ကြောင်း မလေးရှား သတင်းစာများက ဖော်ပြခဲ့ကြသည်။

အဆိုပါ ဒုတိယမြောက်တွင်းနက်ကြီးက အိန္ဒိယအမျိုးသမီးပြိုကျ ပျောက်ဆုံးနေသည့် နေရာမှ မီတာ ၅၀ ခန့်သာကွာဝေးပြီး Jalan Masjid India လမ်းပေါ်တွင်ပင်တည်ရှိကြောင်းလည်း သိရသည်။ ၎င်းက ဩဂုတ်လ ၂၈ ရက် နံနက်အစောပိုင်းနာရီများတွင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ဖြစ်လာခဲ့ခြင်းဟုလည်း သတင်းများကဆိုသည်။

ထိုကဲ့သို့ ဒုတိယမြောက်တွင်းနက်ကြီး ထပ်မံဖြစ်ပေါ်လာရာနေရာကို အသွားအလာလုံးဝမပြုရန် တင်းကျပ်ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ ကွာလာလမ်ပူမြို့၊ ဒန်ဝန်ဂီခရိုင် ရဲမှူးကြီးဖြစ်သည့် ဆူလိဇ်မီ အဖန်ဒီ ဆူလေမန်ကလည်း ထိုသို့ ဒုတိယမြောက်တွင်းနက်ကြီးတစ်ခု Jalan Masjid India လမ်းပေါ်တွင်ပင် ထပ်မံဖြစ်ပေါ်လာမှုကို ဝန်ခံခဲ့ပြီး အသွားအလာပိတ်ဆို့တင်းကျပ်သည့်ဧရိယာကို ထပ်မံတိုးချဲ့ရန် ညှိနှိုင်းနေကြောင်းလည်း ဩဂုတ်လ ၂၈ ရက် နံနက်ကပြောခဲ့သည်။

ဩဂုတ်လ ၂၃ ရက် က မြေအောက်သို့ ကျရောက်ပျောက်ဆုံးနေသော မစ္စက်ဗီဂျာရာ လက်ချူမီ အမည်ရှိ အမျိုးသမီးကိုရှာဖွေနိုင်ရန်အတွက်လည်း မြို့တော်အတွင်း အဆိုပါပလက်ဖောင်းပြိုပျက်ကျသည့်နေရာနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်နေရာများတွင် မြေအောက်ပြွန်များသို့ လူဆင်းနိုင်သည့် တွင်းကြီးများ တူးကာ ရှာဖွေမှု ဆဋ္ဌမမြောက်နေ့အဖြစ် ရှာဖွေကယ်ဆယ်ရေးသမားများက ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အိန္ဒိယအမျိုးသမီးကျသွားခဲ့သော ရေဆိုးပြွန်အဆုံးသတ်ရာ ထိုနေရာမှ ခုနှစ် ကီလိုမီတာအကွာရှိ စက်ရုံတွင်လည်း ရှာဖွေမှုများပြုခဲ့သည်။ သို့သော် ဩဂုတ်လ ၂၈ ရက် နံနက်အထိမူ ပျောက်ဆုံးအိန္ဒိယအမျိုးသမီးအား ပြန်လည်တွေ့ရှိ‌ခြင်းမရှိသေးကြောင်း သိရသည်။

ထိုအဖြစ်အပျက်များဖြစ်ပျက်ခဲ့မှုကြောင့် မြို့နေပြည်သူများအဖို့ မြို့တော်အတွင်းသွားလာမှု၌ စိုးရိမ်မှု အချို့ကို ဖြစ်ပေါ်စေခဲ့သည်။ Jalan Masjid India လမ်းပေါ် ရှိ နိုင်ငံခြားသုံးငွေ လဲလှယ်ပေးသူဖြစ်သော မစ္စက်နို ဟုသာအမည်ဖော်ပြသည့် အမျိုးသမီးက “အခုဆို ကျွန်မ အိမ်ထဲမှာနေရင် ဘေးကင်းစိတ်ချရတယ်လို့ ခံစားနေမိတယ်၊ အပြင်ထွက်ပြီး မြေကြီးပေါ်လမ်းလျှောက်ရမှာ ကြောက်နေမိတယ်” ဟု ပြောခဲ့သည်။

အိန္ဒိယအမျိုးသမီး ဩဂုတ်လ ၂၃ ရက်တွင် မြေအောက်သို့ပြိုပျက်ကျသွားရာနေရာက မစ္စက်နို အလုပ်လုပ်နေသည့်နေရာနှင့် မီတာအနည်းငယ်သာဝေးသည်။ ထိုအဖြစ်အပျက်ကို ၎င်းက မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရခြင်းမရှိသော်လည်း ဗီဒီယိုရိုက်ကူးထားမှုမှပြန်လည်ကြည့်ရှုခဲ့ရာတွင်မူ ၎င်း၌စိုးရိမ်စိတ်များ တိုးခဲ့ရသည်ဟုဆိုသည်။ ၎င်းက “ကျွန်မကိုယ်တိုင် အဲဒီအမျိုးသမီးမြေအောက်ကျသွားခဲ့တဲ့နေရာကို ဖြတ်ပြီးသွားခဲ့တဲ့အကြိမ်ပေါင်းက ရေတွက်နိုင်တော့မှာမဟုတ်ဘူး။ ဒီအဖြစ်အပျက်အပြီး ကျွန်မဆိုင်ရဲ့ စီးပွားရေးလုပ်ငန်းကလည်း ၉၀ ရာခိုင်နှုန်းလောက်ကျသွားခဲ့တယ်” ဟု ပြောခဲ့သည်။

ထိုလမ်းပေါ်တွင် တွန်းလှည်းတစ်ခုနှင့်အစားအသောက်ရောင်းချသူ အသက် ၃၄ နှစ်ရှိ ဟေရူလ် ဟဇ်ဝန်က ကမ္ဘာလှည့်ခရီးသွားများ၊ အခြားသောသွားလာသူများဖြင့် အမြဲလိုစည်ကားသော Jalan Masjid India လမ်းပေါ်၌ ၎င်းအနေဖြင့် ရောင်းချရမှုမှာ ထိုအဖြစ်အပျက်အပြီး ထက်ဝက်ခန့်ကျဆင်းသွားခဲ့ကြောင်း ပြောခဲ့ပြန်သည်။

တစ်ဖန် ကွာလာလမ်ပူမြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော ဂျာလန် ပန်တေးပါမေ၌လည်း ဩဂုတ်လ ၂၇ ရက်က ရေဆိုးပြွန်တစ်ခု ကျိုးပေါက်မှုကြောင့် ရုတ်တရက် ပြိုပျက်ကျမှုတစ်ရပ် ဖြစ်ခဲ့ရသေးသည်ဟုသိရပြန်သည်။

အဆိုပါ အိန္ဒိယအမျိုးသမီး မြေအောက်တွင်းနက်ထဲသို့ ပြိုကျ ပျောက်ဆုံးမှုဖြစ်ရပ်အပြီးတွင် လူမှုကွန်ရက်ပေါ်၌ ၂၀၁၅ ခုနှစ်က လူပြောများခဲ့သော အကြောင်းအရာတစ်ခုကို ပြန်လည်၍တွေ့ရှိလာနေရပြန်သည်။ ၎င်းက မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၌ ကြီးမားလှသောတွင်းနက်ကြီးတစ်ခုဖြစ်လာရန် အလားအလာရှိနေသည်ဟု ပြောကြားချက်ပင်ဖြစ်သည်။

သို့သော် ကွာလာလမ်ပူမြို့တော်ဝန် မေမူနာ မို့ဒ် ရှရစ်ဖ် ကမူ “ကျွန်တော်တို့ မြို့တော်က လုံခြုံစိတ်ချရပါတယ်။လေ့လာချက်တွေအရ ဘာမှမဖြစ်နိုင်ပါဘူး” ဟု ဩဂုတ်လ ၂၅ ရက်တွင် ပြောခဲ့ကြောင်းသိရပေသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *