October 23, 2024

၂၆. ၁၂. ၂၀၂၂
Written by Htwe Ko Tun

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများအနက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့နိုင်ငံသားများထံ လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့များတွင် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်လာနိုင်သဖြင့် ထိုနေရာများ မသွားရန် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာစေနိုင်သည့် အားပေးမှုဖြစ်သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG၊ PDF တပ်ဖွဲ့များကို လက်နက်မဟုတ်သော အကူအညီ ထောက်ပံ့မှုပြုရန်အတွက် BURMA ACT 2022 ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ထိုးခဲ့ပြီးနောက် သုံးရက်အကြာတွင် အဆိုပါ သံရုံးနှစ်ခုက ထိုကဲ့သို့သော သတိပေးချက်များ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် အမေရိကန်သံရုံးအနေနှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့ကဲ့သို့သော နေ့များအပါအဝင် လာမည့်အားလပ်ရက်များ၌ တိုက်ခိုက်မှုများ၊ ရည်ရွယ်ပစ်ခတ်မှုများနှင့် ဗုံးဖောက်ခွဲမှုများဖြစ်လာနိုင်သည်ဟု မျှော်လင့်ကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံသားများအနေနှင့် Lotte နှင့် Shangri La ဟိုတယ်များအပါအဝင် ရန်ကုန်နှင့် နေပြည်တော်မြို့များရှိ နစက အစိုးရနှင့်ဆက်စပ်နေသော အဖွဲ့အစည်းအဆောက်အအုံများ၊ အရက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် လူနေတိုက်ခန်းများသို့ သွားခြင်းမပြုကြရန် သတိပေးထားသည်။

အလားတူပင် ဗြိတိန်နိုင်ငံသံရုံးက ထုတ်ပြန်ချက်၌လည်း လာမည့် လွတ်လပ်ရေးနေ့ကဲ့သို့ အားလပ်ရက်များတွင် ဗြိတိန်နိုင်ငံသားများအနေနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ဖွယ်ရှိသော ရန်ကုန်နှင့် နေပြည်တော်မြို့များရှိ နစကအစိုးရနှင့်ဆက်စပ်နေသော အစိုးရအဆောက်အအုံများ၊ စစ်ဆေးရေးဂိတ်များ၊ တပ်(သို့မဟုတ်)အစိုးရပိုင်သည့် စီးပွားရေးလုပ်ငန်းများအပြင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကုန်တိုက်ကြီးများနှင့် လူနေအိမ်ရာများကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်နေရာများသို့ သွားရောက်ပါက သတိရှိကြရန်နှင့် ဖြစ်နိုင်လျှင်မသွားရောက်ကြရန် အကြံပေးကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *